စုပေါင်းလုပ်ဆောင်ကြစို့

ဒီဘလောဒ်ကို သတင်းရေးဖို့ တည်ထောင်ထားချင်းမဟုတ်ပါ ကျနော်ရဲ အမြင်းလေးတွေ နဲ့ ညီးကိုမောင်နှမတို့ မိတ်ဆွေအားလုံးတို့ရဲ အမြင်လေးတွေကိုဖေါ်ပြ ဖလှယ်နိုင်အောင် ရည်ရွယ်တည်းထောင်ထားခြင်းဖြစ်ပါသည် ကျနော်တယောက်တည်းနဲ့လည်း နေစဉ်ပို့မတင်နိုင်ပါ အမိ မြန်မာနိုင်ငံကိုပျက်စီးရာပျက်စီးကြောင်ကြံရွယ်လုပ်ဆောင်နေတဲ့ ဘလောဒ်များစွာကိုလည်း ချေပရေးသားရန်လိုအပ်နေပါသည် သို့ကြောင်းဝိုင်းဝန်းကူညီးရေးသားကြပါရန်ပန်ကြာအပ် ပါသည် ။
free glitter text and family website at FamilyLobby.com ဆွေးနွေးလိုက Mthitsar.1981 သို့ ဆက်သွယ်ပါ

မောင်းသူမဲ့ uav များ

နယူးယောက်မြို့ လူအစည်ကားဆုံးနေရာ တိုင်းမ်းစကွဲယားတွင် အစ္စလာမ စစ်သွေးကြွ တစ်ဦးဖြစ်သူ ရှားဇတ် Shahzad က ကားဗုံးထောင်ခဲ့သည်။ ကံကောင်းထောက်စွာဖြင့် အာဏာပိုင်များက လက်ဦးသွားသည်။

တရားရုံးတွင် တရားသူကြီးက ယင်းသို့ ဗုံးထောင်ခြင်းဖြင့် အပြစ်မဲ့သူ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးများ သေဆုံးကြမည်ကို မသိသလောဟု မေးမြန်းရာ ရှားဇတ်က '' နေ့စဉ်နေ့တိုင်း အီရတ်နဲ့ အာဖဂန်မှာ မောင်းသူမဲ့ လေယာဉ်တွေဟာ ကလေး လူကြီး မိန်းမ မရွေးဘဲ၊ တိုက်ခိုက် ပစ်သတ်နေတယ်။ ဒါဟာ စစ်ဖြစ်နေတာ''ဟု ထွက်ဆိုခဲ့ သည်။

အမေရိကန်သည် မောင်းသူမဲ့လေယာဉ် Unmanned Ariel Vehicle –UAV အများအပြားကိုအသုံးပြုလျက် ကလေး၊ လူကြီး မခွဲဘဲ ယီမင်၊ အာဖဂန်၊ ဆိုမာလီယား၊ အီရတ်နှင့် ပါကစ္စတန်လူမျိုးစုများ နေထိုင်ရာဒေသတို့တွင် တိုက်ခိုက်နေ ခြင်းကြောင့် ခံပြင်းမိကြောင်း။ ထို့ကြောင့် ဗုံးခွဲရန် ကြံစည်ခြင်း ဖြစ်ကြောင်း ရှားဇတ်က ထွက်ဆိုသည်။

ပစ်မှတ်ကို တိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့သူများ သေဆုံး ရခြင်းကို အမေရိကန်က မတော်တဆ သေကျေမှုဟုဆိုသည်။ ဝေဖန်သူများကမူ မတော်တဆ လူသတ်ပွဲဟု စွပ်စွဲသည်။

ပထမနှင့် ဒုတိယ ပင်လယ်ကွေ့စစ်ပွဲတွင် မောင်းသူမဲ့ လေယာဉ် UAV ၏ အသုံးဝင်မှု၊ ရန်သူကို ထိရောက်စွာ ထိုးနှက်တိုက်ခိုက်နိုင်မှုကို အထင်အရှား သက်သေထူနိုင်ခဲ့ပြီ ဖြစ်သည်။

၂ဝ၁ဝ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် အမေရိကန် UAV များလက်ချက်ဖြင့် အကြမ်းဖက်သမားဟု မသင်္ကာသူ ၁၃ ဦးနှင့် အရပ်သား ခုနှစ်ဦး သေဆုံးခဲ့ရကြောင်း ပါကစ္စတန် ဒေးလီးတိုင်းသတင်းစာကဖော်ပြသည်။ ပါကစ္စတန်မြောက် ပိုင်း ဝါဇီရစ္စတန်ပြည်နယ်တွင် UAV ဖြင့် တိုက်ခိုက်မှုသည် နေ့စဉ်လို ဖြစ်ပွားနေသည်။ ယင်းသို့ မောင်းသူမဲ့ လေယာဉ်များကို ကျယ်ပြန့်စွာ သုံးစွဲလာခြင်းသည် အနာဂတ်စစ်ပွဲများတွင် အဆုံးအဖြတ်ပေးမည့် စစ်လက်နက် ဖြစ်လာနိုင်သည့် အရိပ်အရောင်ပင် ဖြစ်တော့သည်။ သမ္မတ အိုဘားမား လက်ထက်တွင် မောင်းသူမဲ့လေယာဉ် အသုံးပြုမှု အဆမတန်တိုး ပွားလာသည်။ အထူးသဖြင့် လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ပါကစ္စတန်၌ စီအိုင်အေ အေးဂျင့်ခုနှစ်ဦး အသေခံတိုက် ခိုက်ခြင်းခံခဲ့ရပြီးနောက် UAV အသုံးပြု တိုက်ခိုက်မှုသည် တစ်ပတ်လျှင် တစ်ကြိမ်မှသည် တစ်နေ့လျှင် တစ်ကြိမ်အထိ ခုနစ်ဆနီးပါး တိုးတက်များပြားလာခဲ့သည်

ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ အမေရိကန် ကိုယ်စားလှယ် ဖိလစ် အယ်လ်စတွန် Philip Alston က မောင်းသူမဲ့ နည်းပညာသည် ယခုအခါ နိုင်ငံပေါင်း လေးဆယ်ကျော်၏ လက်ဝယ်တွင် ရှိနေပြီဟု ဆိုသည်။ စိုးရိမ်ဖွယ်ကောင်း သည့်အချက်မှာ အကြမ်းဖက်အဖွဲ့ဖြစ်သည့် ဟဇ္ဇဘိုလာ လက်တွင်လည်း မောင်းသူမဲ့ နည်းပညာရှိနေခြင်းဖြစ်သည်။ ဟဇ္ဇဘိုလာသည် မောင်းသူမဲ့ လေယာဉ်ကို အသုံးပြုလျက် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာမည်မှာ ဧကန်မုချ ဖြစ်သည်။

တောတောင် ထူထပ်သည့်နေရာ၊ နှိမ်နင်းရန် ခက်ခဲသည့်နေရာများတွင် ခိုအောင်းနေသည့် သူပုန်များကို ရင်ဆိုင်နေရသည့် အယ်လ်ဂျီးရီးယား၊ ကိုလံဘီယာ၊ တူရကီနှင့် အိန္ဒိယတို့ သည်လည်း UAV ကို အသုံးပြုလာ ကြမည်ဟု မှန်းဆနိုင်သည်။

ထိုနိုင်ငံများရှိ အကြမ်းဖက် သမားများသည် နယ်စပ်ဒေသနှင့် တစ်ဘက်နိုင်ငံတို့တွင် ပုန်းအောင်းခို လှုံလေ့ရှိကြသည်။ ယင်းသို့သော အခြေအနေတွင် မောင်းသူမဲ့ လေယာဉ်သည် အသုံးအတည့်ဆုံး ဖြစ်လာသည်။ မိမိတပ်များဖြင့် တစ်ဘက် နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက် ခြင်းထက် မောင်းသူမဲ့ဖြင့် တိုက်ခိုက်ခြင်းကို ကျူးကျော်မှုဟု တစ်ဘက်က စွပ်စွဲလာလျှင်လည်း ရှောင်ကွင်းနိုင်သည်။ မောင်းသူမဲ့ လေယာဉ်ပျက် ကျစေဦးတော့ စွပ်စွဲခံရသူက မိမိ၏ လေယာဉ်မဟုတ်ပါဟု ဗြောင်ငြင်းနိုင်သည်။ လေယာဉ်မှူးနှင့် လေယာဉ် သားများ အဖမ်းခံရရန်လည်း အကြောင်းမရှိပေ။

မကြာသေးမီက ဒူဘိုင်းတွင် ဟားမာ့စ် ခေါင်းဆောင် မာမွတ် အယ်လ်မက်ဟူးကို အစ္စရေးထောက် လှမ်းရေးတို့က သတ်ဖြတ်ခဲ့မှုသည် ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ နိုင်ငံများ၏ ဆန့်ကျင်ပြစ်တင်မှုကိုလည်း ခံခဲ့ရသည်။ ဗြိတိန်၊ အိုင်ယာလန်နှင့် သြစတေးလျားတို့မှ အစ္စရေး သံတမန် တစ်ဦးစီ နှင်ထုတ်ခံခဲ့ရသည်။

နောင်တွင် ယင်းကဲ့သို့ လက်မရွံ့ အေးဂျင့်များ စေလွှတ်၍ လုပ်ကြံခိုင်းရန် မလိုတော့ပေ။ မောင်းသူမဲ့ လေယာဉ်ဖြင့် ကိစ္စတုံး ဆောင်ရွက်နိုင်ကြ တော့မည်။

ဝါရှင်တန်တိုင်း သတင်းစာ၏ အဆိုအရ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ တွင် အစ္စရေး လေတပ်က စတင် အသုံးပြုနေသည့် မောင်းသူမဲ့ Heron TP လေယာဉ်သည် အီရန်နိုင်ငံ အတွင်းရှိပစ်မှတ်များကိုပင်တိုက်ခိုက် နိုင်စွမ်းရှိသည်ဟု သိရသည်။ အီရန် ကလည်းမောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်လျက်ရှိသည်။ ထိုလေယာဉ် များသည် အစ္စရေးနိုင်ငံတွင်းရှိပစ် မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသည် ဟု ဖောက်စ် သတင်းဌာနက ဖော်ပြ သည်။

အီရန်တို့ ပထမဆုံး ထုတ်လုပ်ခဲ့သည့် Karrar မောင်းသူမဲ့ လေယာဉ်သည် ကီလိုမီတာတစ်ထောင် (မိုင် ၆၂ဝ)အကွာအဝေးသာ ရောက်နိုင်သဖြင့် အစ္စရေးအထိ မပျံသန်းနိုင်သော်လည်း ပင်လယ်ကွေ့အတွင်းရှိ အမေရိကန် တပ်များကိုတော့ အန္တရာယ် ပေးနိုင်စွမ်း ရှိသည်။

အစ္စရေး (သို့) အမေရိကန် သည် အီရန်နှင့် စစ်ရေးအရ ရင်ဆိုင် ကြမည်ဆိုပါက နှစ်ဘက်စလုံးက မောင်းသူမဲ့ လေယာဉ်များကို အသုံးချလာကြမည် ဖြစ်သည်။ UAV သည် တစ်ချိန်တစ်ခါက သိပ္ပံစိတ်ကူးယဉ် ဝတ္ထုထဲတွင်သာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ နေ့စဉ်ရင်ဆိုင်နေရသော လက်တွေ့အရှိတရား ဖြစ်လာနေသည်။

အီရတ်နှင့် အာဖဂန်တွင် UAV များ၏ အစွမ်းထက်ပုံကို ပြသနိုင်ခဲ့ပြီ ဖြစ်သဖြင့် လူကြိုက်များလာသည်။ စစ်သုံး UAV ထုတ်လုပ်မှု တန်ဖိုးသည် ၁၉၉၂ ခုနှစ်တွင် ဒေါ်လာသန်း ၂၅ဝ ဖိုးရှိသည်။ ၁၉၉၇ ခုနှစ်တွင် ဒေါ်လာ သန်း ခြောက်ရာဖိုးမျှ ရှိလာသည်။ ၂ဝဝ၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃.၄ ဘီလီယံရှိသည်။ ၂ဝ၂ဝ ပြည့် နှစ်ရောက်လျှင် UAV ဈေးကွက် သည် ဒေါ်လာ ၅၅ ဘီလီယံဖိုးမျှ ရှိလာမည်ဟု ခန့်မှန်းထားကြသည်။

အမေရိကန်မှအပ အခြားနိုင်ငံများသည် မောင်းသူမဲ့ နည်းပညာကို ရရှိကြစေကာမူ အမေရိကန်ကဲ့သို့ ကမ္ဘာအနှံ့ဖြန့်ကျက် အသုံးပြုနိုင်ဦးမည် မဟုတ်ပေ။ မိမိနယ်နမိတ် အနီးပတ်ဝန်းကျင်တွင်သာ အသုံးပြုနိုင်ကြမည် ဖြစ်သည်။ ကမ္ဘာအနှံ့ ဖြန့်ကျက် အသုံးပြုနိုင်ရန် ကမ္ဘာအနှံ့တွင် စစ်စခန်းများ၊ ကွန်းထောက်လေယာဉ်တင် သင်္ဘောများ၊ အစွမ်းထက်သော ကိုယ်ပိုင်ဆက်သွယ်ရေး ဂြိုဟ်တုများ ရှိရမည်။

မောင်းသူမဲ့ လေယာဉ်ကို စစ်ရေးအရ အသုံးပြုရန် နည်းပညာနှင့် ငွေကြေး အမြောက်အမြား လိုအပ်သည်။ မောင်းသူမဲ့ လေယာဉ် လွှတ်တင်ခြင်း လုပ်ငန်းစဉ်သည် များစွာ ရှုပ်ထွေးသည်။

နီဗားဒါးပြည်နယ် နီးလစ် လေတပ်စခန်းရှိ နောက်တွဲယာဉ် နှစ်စင်း အတွင်းမှနေ၍ အီရတ်နှင့် အာဖဂန်ရှိ့ ဗဠ စစ်ဆင်ရေးကို တိုက်ရိုက်ကွပ် ကဲလျက်ရှိသည်။ ကမ္ဘာ၏ တစ်ဘက် ခြမ်းတွင်ပျံသန်းနေသော မောင်းသူမဲ့ လေယာဉ်များကို ကွပ်ကဲနေခြင်းဖြစ် သည်။

အဆိုပါ နောက်တွဲယာဉ် နှစ်စင်းသည် အမေရိကန် ပည်တွင်ရှိနေသော်လည်း အာဖဂန်ရှိ၌ တိုက်ပွဲဆင် နေသော UAV   ကိုကွပ်ကဲနေသည့် နောက်တွဲယာဉ်သည် မြောက်ကမ္ဘာခြမ်း အမေရိကန် စစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်တွင်ရှိပြီး၊ အီရတ် ရှိ UAV  ကို တာဝန်ယူထားသော နောက်တွဲယာဉ်သည် ကမ္ဘာ့အလယ်ပိုင်း အမေရိကန်စစ်ဌာနချုပ်၏ အောက်တွင်ရှိသည်။

မောင်းသူမဲ့ Predator လေယာဉ်များသည် နီးလစ် လေတပ်စခန်းမှ စတင်ထွက်ခွာကြသည်။ နောက်တွဲယာဉ် နှစ်စင်းလုံးသည် သမုဒ္ဒရာ ကြမ်းပြင်အောက်မှ လည်းကောင်း၊ မြေကြီးအောက်မှလည်းကောင်း ဖိုင်ဘာအော့ ပတစ်ကြိုးများဖြင့် ဥရောပတိုက်နှင့် ဆက်သွယ်ထားသည်။ ဥရောပရှိ အမေရိကန် စစ်စခန်းများသည် ဧရာမ စလောင်းခွက်ကြီးများမှ တစ်ဆင့် အီရတ်နှင့် အာဖဂန်ရှိ မောင်းသူမဲ့ လေယာဉ်များကို ထိန်းချုပ်မောင်းနှင်သည်။ အီရတ်နှင့် အာဖဂန်ရှိ အမေရိကန် စစ်စခန်းများမှ လွှတ်တင်သော မောင်းသူမဲ့လေယာဉ်များ လေထဲ ရောက်သွားသည်နှင့် နီးလစ်လေတပ် စခန်းလက်လွှဲယူကာ စတင်ထိန်းကျောင်း မောင်းနှင်သည်။

ပရီဒေတာများကို ၁၉၉ဝ ပြည့် လွန်နှစ်များတွင် ဘောလ်ကန်စစ်ပွဲ၌ စတင်အသုံးပြုခဲ့သည်။ ထိုစဉ်က သတင်းထောက်လှမ်း စုဆောင်းရာတွင်သာ အသုံးပြုခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် ပရီဒေတာကို လက်နက်တပ်ဆင် အသုံးပြုသည်။ အယ်လ်ကိုင်ဒါခေါင်း ဆောင်တစ်ဦးဖြစ်သည့် အဗူအလီ အယ်လ်ဟာရီတီ စီးနင်းလာသည့် ကားကို ယီမင်နိုင်ငံတွင် ပရီဒေတာက ဒုံးကျယ်ဖြင့် တိုက်ခိုက်ရာ ကားပေါ် တွင်ပါလာသူအားလုံး သေဆုံးသွား သည်မှစ၍ လူသိများလာသည်။

ပရီဒေတာ ပျံသန်းနေသည်ကို ရုတ်တရက် မြင်လိုက်ရသည့်အခါ ကလေးကစားစရာ လေယာဉ်တစ်စင်းဟု ထင်မှတ်ကြသည်။ အသံမှာလည်း မြက်ရိတ်စက်မှထွက်သည့် အသံမျိုးသာဖြစ်သည်။ ပရီဒေတာ သည် ၂၇ ပေအလျားရှိပြီး၊ အတောင် တစ်ဘက်တစ်ချက် အကွာအဝေးမှာ ပေ ၅ဝ ဖြစ်သည်။ အကြီးစား ဂလိုက်ဒါ တစ်စင်းနှင့် ပိုတူသည်။ ကိုယ်ထည် မှာ သတ္တုမပါသော ကွန်ပိုဇစ်ဖြင့် တည်ဆောက်ထား၏။ လောင်စာနှင့် ဗုံးများ၊ ဒုံးကျည်များမပါလျှင် ကိုယ် ထည်ချည်းသက်သက် ပေါင်တစ် ထောင်ကျော်သာလေးသည်။ ဆလင် ဒါလေးလုံးပါအင်ဂျင်ဖြင့် လေထဲတွင် ၂၄ နာရီဆက်တိုက် ပျံဝဲနေနိုင်သည်။

ပရီဒေတာ တစ်စင်း၏ တန်ဖိုးမှာ ဒေါ်လာ ၄.၂ သန်း ဖြစ်သည်။ လေယာဉ်၏ ဝမ်းဗိုက်တွင် တပ်ဆင်ထားသော လေးဘက်မြင် ရုပ်သံကင်မရာ တစ်လုံးတည်းသည်ပင် ဒေါ်လာ တစ်သန်းကျော် တန်သည်။ ပေတစ်သောင်း ငါးထောင်အမြင့်မှ ပျံသန်းနိုင်သဖြင့် မြေပြင်မှ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။

အက်ဖ် ၂၂ တိုက်လေယာဉ် တစ်စင်းသည် ဒေါ်လာ သန်း ၁၇ဝ ကျော်တန်သဖြင့်၊ အက်ဖ် ၂၂ တိုက် လေယာဉ်တစ်စင်း ဝယ်မည့်အစား ပရီဒေတာများကိုသာ ဝယ်မည်ဆိုပါ က အစင်းလေးဆယ်ကျော်ရနိုင် သည်။

ပရီဒေတာ၏ အသုံးဝင်ဆုံး စွမ်းရည်မှာ အမြန်နှုန်း နည်းစွာဖြင့် ပျံသန်းနိုင်ခြင်း ဖြစ်သည်။ နှေးနှေးပျံနိုင်သဖြင့် မြေပြင်ရှိ မြင်ကွင်းကို သေချာစွာ စိစစ်နိုင်သည်။ မြေပြင်တွင် မည်သူမည်ဝါ ရှိနေသည်၊ မည်သို့ လှုပ်ရှားနေသည်ကို သိနိုင်စွမ်း ရှိသည်။ သူပုန်နှိမ်နင်းရေးတွင် လက်နက်ကိုင် အုပ်စုငယ်လေးများကို ရှာဖွေတိုက်ခိုက် နိုင်သဖြင့် ပရီဒေတာသည် များစွာ အသုံးတည့်လှသည်။

မောင်းသူမဲ့ လေယာဉ်ကို မောင်းနှင်သူများသည် အရည်အချင်းပြည့် စူပါလေသူရဲများပင် ဖြစ်သည်။ ထူးခြားချက်မှာ လေယာဉ်သည် ပြေးလမ်းမှ တက်သွားသော်လည်း မောင်းသူက မြေပြင်၌ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် A-10, F15, B1 bomber နှင့် B52 စသောလေယာဉ်တို့ကို နာရီပေါင်းများစွာ မောင်းနှင်ခဲ့သည့် လေသူရဲများ ဖြစ်ကြသည်။

သာမန်တိုက်လေယာဉ် လေသူရဲများ၏ တာဝန်ချိန်တစ်ကျော့ One Cycle မှာ လနှစ်ဆယ် ဖြစ်သည်။ ၁၆ လ လေ့ကျင့်ရပြီး၊ လေးလတိုက် ပွဲဝင်ရသည်။ ထိုသို့ လေးလတိုက်ပွဲ ဝင်ပြီးလျှင် တစ်ဖန်ပြန်၍ လေ့ကျင့်ကြ ရသည်။ UAV လေသူရဲများ၏ တိုက်ပွဲဝင်ချိန် ကာလမှာ လ ၂ဝ ဖြစ်သည်။ ပြန်လည်လေ့ကျင့်ရန် မလိုအပ်ပေ။ ထို့ကြောင့် လေ့ကျင့်စရိတ်ရှုထောင့် ကကြည့်လျှင် များစွာသက်သာသွား သည်။

UAV အသုံးပြုမှု များပြားလာသည့်အတွက် ယင်းတို့ကို ထိန်းချုပ်ရန် အပြည်ပြည်ဆိုင်ရာက ဝိုင်းဝန်း ဆွေးနွေးကြဖို့ လိုအပ်လာပြီဟု ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ အယ်လ်စတွန်က ဆိုသည်။ ဆွေးနွေးပွဲတွင် လူ့ကျင့်ဝတ်နှင့် ဥပဒေဆိုင်ရာ အမြင်တို့အပြင် တိုက်ခိုက်သူ မောင်းသူမဲ့ လေယာဉ်ကို အဝေးမှ မောင်းနှင်နေသူများအပေါ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကိုပါ ဆွေးနွေးကြရမည်ဟု အယ်လ်စတွန်က ဆိုသည်။

မောင်းသူမဲ့ လေယာဉ်များသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း ရှိ-မရှိ သိရန် ခက်ခဲသည်။ ''နယ်မြေကျူးကျော်ဝင် ရောက်မှုကို ပါကစ္စတန် ခွင့်ပြုထားခြင်း ရှိ-မရှိ။ ပစ်မှတ်ကို ဘယ်လို ရွေးချယ်တယ်။ အရပ်သား ထိခိုက်သေကျေမှု အနည်းဆုံး ဖြစ်အောင် ဘယ်လိုစီမံ ဆောင်ရွက်ထားတယ် ဆိုတာတွေကို မသိဘဲ၊ ဥပဒေ ချိုးဖေါက်မှု ဖြစ်-မဖြစ် ဆိုတာ ပြောဖို့ခက်တယ်'' ဟု အယ်လ်စတွန်က ဆိုသည်။

''သူတို့က စတိုက်လို့ တန်ပြန်ရတာပါ'' ဆိုသော ဆင်ခြေကို အယ်လ်စတွန်က လက်မခံပေ။ တစ်ဘက်က စတင်သည့် (စက်တင်ဘာ ၁၁ )အတွက် တန်ပြန်တိုက်ခိုက်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခွင့် မရှိဟု အယ်လ်စတွန်က ဆိုသည်။ တစ်ဘက်က အရပ်သားများကို ဒိုင်းသဖွယ် အကာအကွယ် ယူထားစေကာမူ အရပ်သားထိခိုက် မှုမရှိစေရန် ဆောင်ရွက်ရမည့်တာဝန် ရှိသည်ဟု သူက ဆိုသည်။

အကြမ်းဖက်သမားများကို သတ်မှတ်ဖော်ထုတ်ရာတွင် တင်းကြပ်သော စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ကြောင်း။ မောင်းသူမဲ့ လေယာဉ်မှ ပေးပို့သော ဓာတ်ပုံ၊ လက်ကိုင်ဖုန်း ကြားဖြတ်နားထောင် ခြင်း၊ ပါကစ္စတန် ထောက်လှမ်းရေးမှ ရရှိသောသတင်းများ၊ အယ်လ်ကိုင်ဒါ အတွင်းမှ သတင်းပေးများ၏ ပေးပို့ချက် စသည်တို့အပေါ် အခြေခံကာ အကြမ်းဖက်သမားများကို စနစ်တကျ ဖော်ထုတ်တိုက်ခိုက်ကြောင်း စီအိုင်အေလက်ဟောင်း တစ်ဦးက ပြောပြသည်။

အကြမ်းဖက် သမားများကို မောင်းသူမဲ့ လေယာဉ်က တောက်လျောက်ခြေရာခံသည်။ နေအိမ်တွင် မိသားစုနှင့် နေထိုင်နေစဉ် မတိုက်ခိုက်ဘဲ နေအိမ်မှ ထွက်ခွာသည့်အခါတွင်မှ တိုက်ခိုက်သည်ဟု ဆိုသည်။ ယင်းသို့ တောက်လျှောက်ခြေရာခံ နေသဖြင့် လေ့ကျင့်ကွင်း၊ လက်နက်သိုလှောင်နေရာ စသည်တို့ကို အလိုအလျောက် သိလာရသည်။

UAV ကို မိုင်ပေါင်းထောင်ချီဝေးသော အရပ်မှ ထိန်းကျောင်းမောင်း နှင်ရသည်ဖြစ်ရာ မောင်းသူသည် (သာမန်တိုက်လေယာဉ် မောင်းသူများကဲ့သို့) အသက်အန္တရာယ် မရှိနိုင်ပေ။ မောင်းရသည်မှာလည်း ဂိမ်းကစား သကဲ့သို့ မောင်းတံလေးကို ရှေ့တိုးနောက်ငင် လုပ်နေရုံသာ ဖြစ်သည်။ ဗီဒီယို ဂိမ်းပွဲတွင်ကဲ့သို့ လွယ်လွယ်ကူကူနှင့် ခလုတ်ဖြုတ်သော အလေ့အထ ဖြစ်လာသည်။ အကျင့်ဖြစ်လာသည်။ ထိုအချက်ကိုလည်း အရေးတကြီး ထည့်သွင်းစဉ်းစားရမည်ဟု အယ်လ်စတွန်က ဆိုသည်။

၂ဝ၁ဝ ခုနှစ်တွင် လူ့အခွင့်အရေး ကောင်စီသို့ အယ်လ်စတွန် တင်သွင်းခဲ့သည့် အစီရင်ခံစာ၌ ''အမေရိကန်က မောင်းသူမဲ့လေယာဉ်များကို တိုးချဲ့ အသုံးပြုလာခြင်းကြောင့် ကမ္ဘာနှင့်အဝန်း လက်နက်ကိုင် ပဋိပက္ခများ လျော့ကျလာစေရန် ကြိုးပမ်းမှုကို အရာမထင် ဖြစ်စေကြောင်း၊ အမေရိကန်၏ အပြုအမူသည် မောင်းသူမဲ့ နည်းပညာကို ပျံ့နှံ့စေရန် အားပေးနေသလို ဖြစ်နေကြောင်း။ ထို့ကြောင့် ပါကစ္စတန်နှင့် ယီမင်တွင် မောင်းသူမဲ့ လေယာဉ်များကို ဆင်ဆင်ခြင်ခြင်နှင့် သုံးစွဲရန် တိုက်တွန်းကြောင်း ဖော်ပြသည်။

စစ်ဖြစ်ပွားရာ ဒေသမှအပ အခြားနေရာများတွင် UAV ဖြင့် တိုက်ခိုက်ခြင်းကို ထိန်းချုပ်ပေးမည့် သဘောတူညီချက် ပေါ်ထွန်းလာစေရေးအတွက် နိုင်ငံကြီးများ ပါဝင်သော အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပရန် အယ်လ်စတွန်က အကြံ ပြုသည်။

၂ဝ၁ဝ ခုနှစ်မေလ ၂၆ ရက် နေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး အရာရှိ ဟာရိုးလ် ခိုးလ် Harold Koh က မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုသည် တည်ဆဲဥပဒေ အားလုံးနှင့် ညီညွတ်ကြောင်း။ အယ်လ်ကိုင်ဒါသည် အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ခဲ့ပြီး၊ ဆက်လက်တိုက်ခိုက်ရန်လည်း စီစဉ်နေကြောင်း။ ယင်းသို့သော တိုက်ခိုက်မှုမျိုးကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြောဆိုသည်။

ပါကစ္စတန် နယ်မြေအတွင်း အယ်လ်ကိုင်ဒါများကို စီအိုင်အေ၏ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှု များအား မီဒီယာများက ဖော်ပြသော်လည်း ဆူဆူညံညံ အာရုံစိုက်စရာ မဖြစ်ခဲ့။ ထို့ကြောင့် UAV ကို အနာဂတ် ပဋိပက္ခများတွင် အလုံးအရင်းဖြင့် သုံးစွဲလာကြမည်ဟု မှန်းဆနိုင် သည်။

နည်းပညာ ပိုင်ဆိုင်ထားသည့် နိုင်ငံများက ယင်းသို့ လုပ်ဆောင်လာ ကြမည်ဆိုလျှင် နယ်စပ်မျဉ်း သတ်မှတ်ချက်၊ ကျူးကျော်မှုဆိုသည့် ဖွင့်ဆိုချက်တို့ တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်လာမည်ဟု ဥပဒေပညာရှင် အချို့က ဆိုသည်။

မောင်းသူမဲ့လေယာဉ်များ စစ်ပွဲတွင် အထင်ကရ ပါဝင်လာသည့်အတွက် အကျိုးဆက်မည်သို့ ရှိလာမည်ကို တွေးဆလာမှုများ ရှိလာသည်။

၂ဝဝဝ ပြည့်လွန်နှစ်များတွင် UAV သည် အနာဂတ် စစ်ပွဲများ၏ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးနိုင်စွမ်းသည့် လက်နက်ဖြစ်လာသည်။ ယခုအခါ နိုင်ငံပေါင်း ၄၂ နိုင်ငံတွင် ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း ၂၆၂ ခု က UAV များကိုထုတ်လုပ်လျက် ရှိသည်။ ယခုအချိန်တွင် မောင်းသူမဲ့ လေယာဉ်အမျိုးအစားပေါင်း တစ် ထောင်ကျော်မျှ ကမ္ဘာပေါ်တွင် ရှိနေ ပြီဖြစ်သည်။

မောင်းသူမဲ့ လေယာဉ်ဖြင့် ပစ်မှတ်ကို တိုက်ခိုက်ရာတွင် ပစ်မှတ်အနီးရှိ မသက်ဆိုင်သူများကိုပါ သေဆုံးစေသဖြင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် တစ်ရပ်ဖြင့် ထိန်းချုပ်သင့်သည်ဟု ယူဆမှုများ ရှိလာသည်။

အကြမ်းဖက်သမား ခေါင်းဆောင်ပိုင်းကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သဖြင့် မသက်ဆိုင်သူများ သေဆုံးမှုကို များစွာလျှော့ချနိုင်ကြောင်း။ ထိုသို့ မဟုတ်ဘဲ ပစ်မှတ်ကို ခြေလျင်တပ်ဖြင့် ဝင်ရောက် တိုက်ခိုက်လျှင် အရပ်သား သေဆုံးမှု ထို့ထက်များပြားလိမ့်မည်ဟု ဆိုသူက ဆိုသည်။

အကြမ်းဖက် ခေါင်းဆောင်၊ မူးယစ်ရာဇာတို့ကို တိုက်ခိုက်ခြင်းသည် စစ်ပွဲအဖြစ် သတ်မှတ်ကာ တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စောဒကတက်ဖွယ် အချက်တစ်ခု ဖြစ်ပေါ်လာသည်။ အယ်လ်ကိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်သည်လည်းကောင်း၊ မူးယစ်ရာဇာသည်လည်းကောင်း အမေရိကန် နိုင်ငံသား ဖြစ်နေပါက ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် သေဒဏ်ပေးခြင်းပင် ဖြစ်သည်။ မည်သည့် တရားရုံးကမျှ စီရင်ချမှတ်ထားခြင်း မရှိပါဘဲ အမေရိကန် နိုင်ငံသား တစ်ဦးအား သေဒဏ်ပေးခြင်းသည် ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်းမရှိဟု ဆိုကြသည်။

အမေရိကန် နိုင်ငံသားတစ်ဦး ဖြစ်သည့် အန်နဝါ အယ်လ်အော်လာကီ Anwar Al Awlaki အား စီအိုင်အေက ပစ်မှတ်အဖြစ် သတ်မှတ်ထားသည်ကို မီဒီယာ အဖွဲ့အစည်း တစ်ခုက ဖော်ထုတ်ခဲ့သည်။ သူသည် စစ်ဖြစ်ပွားရာဇုန်မှ အလှမ်းကွာသော အာဖဂန်-ပါကစ္စတန် နယ်စပ်တစ် နေရာတွင် ပုန်းအောင်းနေသည်။ ထောက်လှမ်းရေး အစီအရင် ခံစာပေါ်တွင် အခြေတည်လျက်၊ မည်သည့် တရားရုံးကမျှ သေဒဏ်ချမှတ်ထားခြင်း မရှိသူ အမေရိကန် နိုင်ငံသားအား စစ်ဖြစ်ပွားရာ နယ်မြေအတွင်းတွင် မဟုတ်ဘဲ ဒုံးလက်နက်ဖြင့် တိုက်ခိုက်မည်ဆိုလျင် ဥပဒေနှင့် ညီညွတ်ခြင်း မရှိပေ။

အယ်လ်ကိုင်ဒါများကို တိုက်ခိုက်ခြင်းသည် စက်တင်ဘာ ၁၁ ရက် နေ့နောက်ပိုင်း ကွန်ဂရက်၏ ခွင့်ပြု ချက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သဖြင့် တရားဝင်ကြောင်း။ ထို့ပြင်တိုက်ခိုက်မှုသည် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ ပြုလုပ်ခြင်းဖြစ်ကြောင်း။ အယ်လ်ကိုင်ဒါများကို လွှတ်ထားပါက အမေရိကန်ကို ထပ်မံတိုက်ခိုက် လာဦးမည်ဖြစ်ကြောင်း၊ ကာကွယ် ရေးဝန်ကြီးဌာနက ခုခံချေပသည်။

မြောက်ပိုင်း ဝါဇီရစ္စတန်တွင် မောင်းသူမဲ့ လေယာဉ်ဖြင့် နေ့စဉ်တိုက် ခိုက်မှုကြောင့် အယ်လ်ကိုင်ဒါနှင့် တာလီဘန်တို့မှာ ကျီးလန့်စာစားဖြင့် ဟိုပြေးသည်ပြေး ဖြစ်နေသည်။ ဂြိုဟ်တုတယ်လီဖုန်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တို့ကို မသုံးရဲ ကြတော့ဘဲ ဆက်သားကိုအသုံးပြုကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်နေ ကြရသည်။ တစ်စုတစ်ဝေးတည်း မနေရဲတော့ဘဲလူစုခွဲကာ လိုဏ်ဂူများ အတွင်း ပုန်းအောင်းနေကြရတော့ သည်။

ဝါဇီရစ္စတန်၏ ကောင်းကင်ယံတွင် မောင်းသူမဲ့လေယာဉ်များ ၂၄ နာရီပတ်လုံး ဝဲပျံနေကြသည်။ တစ်ခါတရံ တစ်စင်းမက လေးငါးစင်းပျံဝဲ နေသည်။ ပစ်မှတ်ကိုတွေ့သည်နှင့် ဒုံး များကို ဝေါခနဲသွန်ချတော့သည်။

UAV ဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံ၊ တာလီဘန်နှင့် အယ်လ်ကိုင် ဒါစစ်သွေးကြွတို့အကြား စိတ်ဝမ်း ကွဲပြားမှုများ ဖြစ်လာရသည်။ စစ်သွေး ကြွတို့က ၄င်းတို့ တိုက်ခိုက်ခံရခြင်းသည် ဒေသခံ အမေရိကန် စပိုင်များက သတင်းပေးမှုကြောင့် ဖြစ်သည်ဟု စွပ်စွဲသည်။ ဒေသခံများ ဘက်ကလည်း စစ်သွေးကြွများ ရှိနေသဖြင့် တိုက်ခိုက်ခံရပြီး အပြစ်မဲ့ အရပ်သားများ သေကြရသည်ဟု ဆိုသည်။ အိမ်တိုင်းအိမ်တိုင်းတွင် အနည်းဆုံး စစ်သွေးကြွ တစ်ယောက်တော့ ရှိနေသည့်အတွက် အရပ်သား နေအိမ်များ တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။

မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှု အစပိုင်းတွင် ထိပ်ပိုင်းနှင့် အလယ်အလတ် ခေါင်းဆောင်ပိုင်းကိုသာ ရည်ရွယ်ခဲ့သည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ကဘူးရှိ စီအိုင်အေဌာန အသေခံ တိုက်ခိုက်ခံရပြီး နောက်ပိုင်း စီအိုင်အေသည် ခေါင်းဆောင်ပိုင်း သာမက အယ်လ်ကိုင်ဒါ ဟူသမျှကို သဲသဲမဲမဲ တိုက်ခိုက်လာသည်။

ယခင်က အယ်လ်ကိုင်ဒါများသည် တောထဲတွင်သာ ပုန်းခိုနေသော်လည်း၊ မောင်းသူမဲ့ လေယာဉ်ရှိ ထောက်လှမ်းရေး ကိရိယာများ၏ အစွမ်းထက်မှုကြောင့် ၂၄ နာရီပတ်လုံး တောထဲတွင် နေ၍မဖြစ်တော့။ နေဝင်ချိန်တွင် နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ရွာထဲဝင်ကာ အိပ်စက်ကြရသည်။ အချို့အိမ်ရှင်များသည် သူတို့၏ မိသားစုလုံခြုံရေး အတွက် အယ်လ်ကိုင်ဒါများကို အိပ်စက်ခွင့် မပေးလိုကြ။

မောင်းသူမဲ့လေယာဉ်များသည် ပစ်မှတ်ကို တိတိကျကျ သိနေခြင်းကပင်လျှင် အယ်လ်ကိုင်ဒါများ အကြားသံသယပွားစေသည်။ အချင်း ချင်း ယုံထင်ကြောင်ထင် ဖြစ်ကာ၊ သူလျှိုအဖြစ်စွပ်စွဲကာ ဂိုဏ်းဂဏများ ကွဲကုန်ကြသည်။

တာလီဘန်များက လက်နက်အားကိုးဖြင့် ဗိုလ်ကျခြင်းကို ခံနေရသည့် ရပ်သူရွာသား အများစုသည် အမေရိကန်က တိုက်ခိုက်နေခြင်းကို သဘောကျသည်ဟု အာရိယန် သု တေသနအဖွဲ့မှ မနုဿဗေဒ ပညာရှင် ဖာဟက်တပ်ခ်ျက ဆိုသည်။

နယ်မြေအတွင်း နေထိုင်ကြသော ပညာတတ် ၅၅ဝ ကို ပါကစ္စတန် သုတေသန အဖွဲ့တစ်ခုက မေးမြန်းသောအခါ ၅ဝ ရာနှုန်းကျော်က မောင်းသူမဲ့ လေယာဉ်များသည် ပစ်မှတ်ကို တိတိကျကျထိ မှန်သည်ဟုလည်းကောင်း၊ ၆ဝ ရာနှုန်းက တိုက်ခိုက်မှုသည် စစ်သွေးကြွများကို ချေမှုန်းနိုင်သည်ဟုလည်းကောင်း၊ ထို ၆ဝ ရာနှုန်းကပင် တိုက်ခိုက်မှုကြောင့် အမေရိကန် ဆန့်ကျင့်မှုများ တိုးပွားလာသည်မှာ မဟုတ်မှန်ဟုလည်းကောင်း ဆိုကြသည်။

ဂျာမန် မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် Der Spiegel က ပါကစ္စတန် ဝန်ကြီးချုပ် ဆာယက် ယူစွပ်ရာဇာ ဂီလာနီအား မေးမြန်းရာတွင်၊ ဝန်ကြီးချုပ်က ''မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်နေတာဟာ တစ်တိုင်းပြည်လုံးက အမေရိကန်အပေါ် မုန်းတီးမှုတွေ တိုးပွားစေတယ်'' ဟု ပြောဆိုခဲ့သည်။

ပါကစ္စတန်က လူမြင်သူထင် မည်မျှပင် ဝေဖန်ပြစ်တင် နေစေကာမူ နောက်ကွယ်တွင် အရေးကြီးသော ထောက်လှမ်းရေး သတင်းများပေးခြင်း၊ ပစ်မှတ်များကို ဖော်ထုတ်ပေးခြင်း၊ ဘလူချစ်စတန် ပြည်နယ် အတွင်းရှိ လေယာဉ်ကွင်းကို မောင်းသူမဲ့လေယာဉ်များ ဆင်းတက်ခွင့် ပြု ထားခြင်းဖြင့် ထောက်ကူပေးလျက်ရှိ သည်ဟု အမေရိကန် အရာရှိပိုင်း ကဆိုသည်။

မောင်းသူမဲ့ လေယာဉ်ဖြင့် ပါကစ္စတန် နယ်မြေအတွင်း တိုက်ခိုက်ခြင်းသည် ပါကစ္စတန်၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းဖြစ်ကြောင်း လူသိရှင်ကြား အကြိမ်ကြိမ် ကန့်ကွက်ပြောဆို ငြားသော်လည်း အမှန်စင်စစ် ပါကစ္စတန်သည် သူခိုးလမ်းပြ လုပ်နေသည်။ မောင်းသူမဲ့ လေယာဉ်များအတွက် ပစ်မှတ်ကို ကူညီရှာဖွေပေးသည်။

အသစ်ရောက်လာသော အာရပ် အယ်လ်ကိုင်ဒါများထဲတွင် အမေရိကန် သတင်းပေးများ ရှိနေသည်ဟု အချို့သော သတင်းရပ်ကွက်များ ကဆိုသည်။

ပါကစ္စတန် နေ့စဉ် သတင်းစာ တစ်စောင်က ကောက်ယူသော သဘောထားအမြင် ဆန်းစစ်ချက်တွင် ၉.ဝ ရာနှုန်းကသာ UAV ဖြင့် တိုက်ခိုက်မှုကို ထောက်ခံပြီး ၆၇ ရာနှုန်းက ကန့်ကွက်သည်။ အများစု က ပါကစ္စတန်၏ မဟာရန်သူဖြစ် သော အိန္ဒိယထက်ပင် အမေရိကန် သည် ပို၍ အန္တရာယ်ကြီးသည်ဟု ဆိုသည်။

နယူးအမေရိကန် ဖောင်ဒေးရှင်းမှ ပီတာဘာဂျင်၏ အဆိုအရ ယမန်နှစ်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၃ဝဝကျော် သေဆုံးခဲ့ကြောင်း။ ၂ဝ၁ဝ ခုနှစ်တွင် သေဆုံးသူ ၅၅ ဦးသာ ရှိ သေးကြောင်း သိရသည်။

အရပ်သား ထိခိုက်သေကျေမှု လျော့ကျလာခြင်းမှာ နည်းပညာ အရည်အသွေး တိုးတက်လာခြင်း၊ အရပ်သားများ ထိခိုက်မှု မရှိစေရန် ပိုမိုဂရုစိုက် ဆောင်ရွက်လာခြင်း၊ တိကျသော ထောက်လှမ်းရေး သတင်းများ ရရှိလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ပင်တာဂွန် သတင်းရပ်ကွက်က ဆိုသည်။

မောင်းသူမဲ့ လေယာဉ်တွင် ယခင်က ပေါက်ကွဲအားပြင်း ဒုံးကျည်ဖြစ်သည့် Hellfire အသုံးပြုသော်လည်း ယခုအခါ ပေါက်ကွဲအားနည်းပြီး ပစ် မှတ်ကို ထိထိရောက် ပစ်ခတ်နိုင်သည့် ဒုံးကျည်ငယ်များကို တွဲဖက် အသုံးပြုနေသည်ဟု ပင်တာဂွန်က ဆိုသည်။

Hellfire သည် ယမ်းပေါင်ချိန် နှစ်ဆယ်ပါဝင်ပြီး တင့်ကားဖျက် လက်နက်အဖြစ် အီရတ်တွင် စတင် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲ အားပြင်းထန်သဖြင့် အဆောက်အအုံ တစ်ခုလုံးကို ပြိုကျပျက်စီးစေပြီး အတွင်းရှိ လူအားလုံးကို ပါသေဆုံးစေ သည်။ Hellfire တွင် ဖိအားမြင့် ပေါက်ကွဲလှိုင်း Thermobaric ထိပ်ဖူးကို တပ်ဆင်နိုင်သည်။ ထိုထိပ်ဖူးသည် လိုဏ်ဂူအတွင်း ရှိနေသူများကို သေစေနိုင်သည်။ လက်နက်၏ အဖျက်စွမ်းအား ကြီးမားနေမှုကို လျော့ချရန် အစဦးပိုင်း ကိုးပမ်းမှုများသည် မအောင်မြင်ခဲ့ပေ။ Hellfire ဒုံးကျည် ကိုထုတ်လုပ်သည့် လော့ခ်ဟိ ကုမ္ပဏီက ဒုံးကျည်ကို လိုအပ်သလိုပေါက် ကွဲစေနိုင်သည့် အနေအထားကို ရရှိ ထားပြီဟုဆိုသည်။ လေယာဉ်ပျံသန်း နေစဉ်တွင် ပစ်မှတ်၏ လိုအပ်ချက်အရ ပေါက်ကွဲမှု ပြင်းအားကို လိုသလို ပြောင်းလဲပေးနိုင်သည်ဟု သိရသည်။

ရေသီယွန် ကုမ္ပဏီက ဂရစ်ဖင် Griffin ဟု အမည်ပေးထားသည့် ဒုံးအငယ်စား တစ်ခုကိုလည်း ထုတ်လုပ် ပေးထားသည်။ အမည်မဖော်လိုသော အယ်လ်ကိုင်ဒါ တစ်ဦး က '' အခု ဒုံးနှစ်မျိုးကိုသုံးတာတွေ့ရတယ်။ တစ် မျိုးကပစ်လိုက်ရင် အဆောက်အအုံ တစ်ခုလုံး ပြားပြားဝပ်ဝပ် ပြိုကျသွားတယ်။ နောက်တစ်မျိုးက ပျက် စီးမှုကြီးကြီးမားမား မဖြစ်စေဘဲ အနီး ကပ်ရှိနေတဲ့ လူတွေကိုပဲ သေစေ တယ်'' ဟု ပြောသည်။

UAV ဖြင့် တိုက်ခိုက်ခြင်းသည် သမိုင်း၏ စာမျက်နှာသစ်တစ်ခု ဖြစ်သည်။ အရပ်သားထောက်လှမ်းရေး အေဂျင်စီတစ်ခု (စီအိုင်အေ)က စက်ရုပ် (မောင်းသူမဲ့လေယာဉ်) ကို အသုံးပြုကာ အမေရိကန်နှင့် တရားဝင် စစ်ကြေညာထားခြင်း မရှိသော နိုင်ငံတစ်နိုင်ငံတွင် တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုဖြစ်စဉ်သည် သမိုင်းတွင် ပထမဆုံးဖြစ်သည်။

အာဖဂန်နှင့် အီရတ်တွင် UAV ဖြင့် တိုက်ခိုက်မှုကြောင့် သူပုန်ခေါင်း ဆောင်ပိုင်းကို တဖြည်းဖြည်းသုတ် သင်နိုင်ပြီး၊ ယင်းတို့၏ စစ်ဆင်ရေး ကိုလည်း ဖယိုဖရဲဖြစ်စေသည်။ UAV ဖြင့် တိုက်ခိုက်ခြင်းသည် အယ်လ်ကိုင်ဒါ ချေမှုန်းရေး ရည်မှန်းချက်ကို အမှန်တကယ် ပေါက်မြောက် အောင်မြင်စေခြင်း ရှိ-မရှိ ဆိုသည်မှာ အငြင်းပွားဖွယ် ဖြစ်နေသေးသည်။ အာဖဂန်ရှိ မဟာမိတ် တပ်များ၏ တပ်မှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီး မက်ခရစ်စတယ်က ''အယ်လ်ကိုင်ဒါ တစ်ယောက်ကို သတ်လိုက်တာဟာ နောက်ထပ် အယ်လ်ကိုင်ဒါဆယ်ဦးကို မွေးဖွားပေးလိုက်တာပဲ။'' ဟု ပြောဖူးသည်။

မောင်းသူမဲ့ လေယာဉ်များသည် အစွမ်းထက်သည် မှန်သော်လည်း၊ မည်သို့သော အနာဂတ် ခရီးကို ပျံသန်းရမည်ကို မှန်းဆရန် ခက်ခဲနေ သေးသည်။ 


     ဗဟုသုတရစေချင်းအကြိုငှာ တခြားဆိုဒ်မှ ကူယူဖေါ်ပြထားပါသည်  စာရေးသူ အမည်နာမကို ဖေါ်ပြ 
သေစေချင်သော်လည်း ကူယူခဲ့သောဆိုဒ်တွင်ဖေါ်ပြထားမရှိသဖြင့် လွန်းစွာအားနာမီပါသည် ။