စုပေါင်းလုပ်ဆောင်ကြစို့

ဒီဘလောဒ်ကို သတင်းရေးဖို့ တည်ထောင်ထားချင်းမဟုတ်ပါ ကျနော်ရဲ အမြင်းလေးတွေ နဲ့ ညီးကိုမောင်နှမတို့ မိတ်ဆွေအားလုံးတို့ရဲ အမြင်လေးတွေကိုဖေါ်ပြ ဖလှယ်နိုင်အောင် ရည်ရွယ်တည်းထောင်ထားခြင်းဖြစ်ပါသည် ကျနော်တယောက်တည်းနဲ့လည်း နေစဉ်ပို့မတင်နိုင်ပါ အမိ မြန်မာနိုင်ငံကိုပျက်စီးရာပျက်စီးကြောင်ကြံရွယ်လုပ်ဆောင်နေတဲ့ ဘလောဒ်များစွာကိုလည်း ချေပရေးသားရန်လိုအပ်နေပါသည် သို့ကြောင်းဝိုင်းဝန်းကူညီးရေးသားကြပါရန်ပန်ကြာအပ် ပါသည် ။
free glitter text and family website at FamilyLobby.com ဆွေးနွေးလိုက Mthitsar.1981 သို့ ဆက်သွယ်ပါ

သတိထားစရာအိမ်နီချင်း နိုင်ငံများ

ယခုတလော တရုတ်စစ်အင်အား ကြီးထွားလာမှုနဲ့ စစ်လက်နက် အသစ်တွေနဲ့ ပတ်သက်ပြီး ဆက်တိုက် ပေါ်ထွက်နေတာတွေအပေါ် အမေရိကန်နှင့်အတူ ဂျပန်လို အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ် ပူပန်လာနေကြတယ်။

လေယာဉ်တင် သင်္ဘောပစ် ဒုံး DF21 ဟာ အမေရိကန်တွေ ထင်တာထက်စောပြီး စမ်းသပ်နိုင်တဲ့အဆင့်ကို ရောက်ရှိကြောင်း ပထမ ကြားခဲ့ကြရပြီး မကြာခင်မှာပဲ တရုတ်က လေယာဉ်တင်သင်္ဘော တည်ဆောက်မယ့်အကြောင်း ထုတ်ဖော် ပြောလိုက်တာပါ။

၂ဝ၁၁ ပထမပတ်ထဲမှာ မျှော်လင့်ထားထက်စောပြီး နောက်မျိုးဆက်သစ် 5th Generation တိုက်လေယာဉ် J20 ကို (စမ်းသပ် ပျံသန်းခြင်းမပြုမီ ကြိုတင်ပြင်ဆင်နေစဉ်မှာ) တရုတ် ဝါသနာရှင် တဦးက ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် ဖြန့်ဝေခဲ့ပြီးနောက် ဒီတိုက်လေယာဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ဝေဖန်မှုတွေ ပြန့်သွားပြန်တယ်။

အမေရိကန် စစ်တပ်နဲ့ တရုတ်စစ်တပ်တို့ဟာ ဖွဲ့စည်းပုံရော၊ စဉ်းစားပုံ၊ စစ်အတွေး အခေါ်(Military Doctrine) ချင်းပါမတူကြပါ။ ဗမာစစ်တပ်ဟာ စစ်အတွေးအခေါ်မှာ တရုတ်စစ်တပ်ကို နမူနာ ယူလေ့ရှိတာကြောင့် တရုတ်စစ်တပ် အကြောင်းကို အတိုင်းအတာတခုအထိ သိသင့်သိအပ်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်တို့ရဲ့ client state၊ တရုတ်ကို အားကိုးရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ကြီး နှာချီရင် ဗမာနိုင်ငံဟာလဲ အောက်လေအဟပ်ခံရတတ်ပါတယ်။ တချိန်ထဲမှာ တရုတ်ကြီး အင်အားကြီးထွားရင် ဗမာနိုင်ငံ့အရေးကိုပါ တိုက်ရိုက်ဆက်နွယ် လှုပ်ရှား လာနိုင်ပါတယ်။ ဒါကြောင့်လဲ တရုတ်တို့ရဲ့ ဖြစ်ထွန်းတိုးတက်မှုကို မျက်ခြေပြတ်ခံလို့ မဖြစ်ပါဘူး။

ဤဆောင်းပါး ရည်ရွယ်ချက်က တရုတ်နဲ့ အမေရိကန်စစ်တပ်တို့ရဲ့ ကွာခြားချက်အပြင် ကွာဟချက်တို့ကို ဖော်ပြပြီး ထင်မြင်ချက်နဲ့ လက်တွေ့ကွာခြားတာကို သုံးသပ်ဝေဖန်ဖို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေးတိုးတက်မှု တရှိန်ထိုး တိုးတက်လျက်ရှိရုံမက ချမ်းသာလာတာနဲ့အမျှ သူရဲ့စစ်အင်အားကို တရှိန်ထိုး မြှင့်တင်နေပါတယ်။ နိုင်ငံအများစုက သူတို့ရဲ့စစ်အသုံးစားရိတ်ကို လျှော့ချနေချိန်မှာ တရုတ်တွေ စစ်အသုံးစရိတ်ကို နှစ်စဉ်တိုးနေပါတယ်။ သို့ပေမယ့်လဲ စစ်အင်အားဆိုတာ နေ့ချင်း ညချင်း ပြောင်းလဲနိုင်တာ မဟုတ်ပါဘူး။

မော်စီတုန်း လက်ထက်က တရုတ်စစ်တပ်ဟာ လူအင်အား များပေမယ့် စစ်လက်နက်ပစ္စည်းမှာ အနောက်နိုင်ငံစစ်တပ်တွေနဲ့သော်လည်းကောင်း၊ ဆိုဗီယက်စစ်တပ်နှင့်သော်လည်းကောင်း ယှဉ်ဖို့ အဆင့်မမီပါ။ အရေအတွက်မှာသာပေမယ့် အရည်အချင်းတွင် အားနည်းပါတယ်။

စစ်တပ်တတပ်ရဲ့ အရည်အသွေးဆိုတာမှာ စစ်သားဦးရေအပြင် ခေတ်မီစစ်လက်နက်များ တပ်ဆင်နိုင်မှုနဲ့ အဆင်သင့်ဖြစ်မှု၊ စစ်သားများ လေ့ကျင့်မှုနဲ့ အဆင်သင့်ဖြစ်မှု၊ ကုန်းတပ် ရေတပ် လေတပ် အားလုံး တညီတညွတ်ထဲ ပူးတွဲတိုက်ခိုက်နိုင်မှု၊ ထောက်ပံ့ရေး စတဲ့ နည်းဗျူဟာ မဟာဗျူဟာ အချက်ပေါင်းများစွာပေါ် မူတည်နေပြန်ပါတယ်။

ဒါကြောင့် စစ်တပ်တိုင်းမှာ လက်နက်တပ်ဆင်မှု၊ လေ့ကျင့်ပြင်ဆင်မှု ဘက်ပေါင်းစုံ ပြည့်စုံမှ စစ်တပ်နဲ့တူတဲ့ စစ်တပ် Professional army လို့ မှတ်ကျောက်အတင်ခံနိုင်မှာပါ။ မော်လက်ထက်က တရုတ်စစ်တပ်ဟာ ကမ္ဘာ့ အဆင့်မရှိသေးပါ။ ကွန်မြူနစ် ပါတီ အာဏါတည်မြဲရေးအတွက် ထိန်းပေးနိုင်သော စစ်တပ်ဘဝသာသာရှိပါသေးတယ်။ တိန်လျောက်ပိန် တက်လာပြီး စီးပွားရေးအခြေကျ ချမ်းသာလာမှ စစ်တပ်နှင့်တူသောစစ်တပ် အဆင့်သို့ ရောက်ဖို့ ကြိုးပမ်းခဲ့တာမို့လို့ အနှစ် (၃ဝ) သာသာပဲ ရှိပါသေးတယ်။

Professional army ဘဝကို ကူးပြောင်းလျက်ရှိတဲ့ တရုတ်စစ်တပ်မှာ မော်ခေတ်ကလို နိုင်ငံရေးသဘောတရားဟာ အဓိက မဟုတ်တော့ပါ။ ကမ္ဘာ့အဆင့်အတန်းမီ စစ်တပ်ဖြစ်ဖို့၊ နိုင်ငံခြား စစ်တပ်တွေကိုယှဉ်ပြိုင် ခြေမှုန်းနိုင်ဖို့ ကြိုးစားခဲ့တာ ဒီကာလအတွင်းမှာ သိသိသာသာကို တိုးတက်လာပါတော့တယ်။

ဥပမာ မော်လက်ထက်က စစ်သားပေါတယ်၊ စစ်ပစ္စည်းရှားတယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လူသားလှိုင်း (Human Wave) တိုက်ခိုက်နည်းကို တွင်တွင်သုံးခဲ့ကြပါတယ်။ အမေရိကန်တို့က စစ်ပစ္စည်းထက် လူကို တန်ဖိုးထားတဲ့ စနစ်ကို ဦးစားပေးသလို ဒီနေ့ တရုတ်စစ်တပ်လဲ စစ်သားကို တန်ဖိုးထားလာပါပြီ။

အမေရိကန် အုပ်ချုပ်မှုစံနစ်တွင် အစိုးရ၏ကဏ္ဍသည် သမ္မတ၏တာဝန်ဖြစ်၍ သမ္မတသည် စစ်သေနာပတိ Commander-in-Chief ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ် ပုံစံနစ်တွင် လွှတ်တော်ကသာ စစ်ကြေငြာခွင့်ရှိသည်။ စစ်ကြေညာပြီးလျှင် သမ္မတက လိုအပ်သလို စစ်နိုင်ရေးအတွက်ဆောင်ရွက်ရမည်။ သမ္မတတွင်အာဏာ အပြည့်ပေးထားသည်။ Embedded power of the President ဟုခေါ်ပါသည်။ ထို့ကြောင့် စစ်တပ်သည် သမ္မတအောက်တွင် လုံးလုံးတည်ရှိပါသည်။ အမေရိကန်စံနစ်တွင် လွှတ်တော်၏ အာဏာမှာ ငွေ ဖြစ်သည်။Power of the Purse ဟုခေါ်သည်။ စစ်တိုက်စားရိတ်၊ စစ်တပ်စားရိတ် အားလုံးကို လွှတ်တော်ကို ပြန်တောင်းခံရသည်။ ထို့ကြောင့် Balance of Power အရ သမ္မတတဦးထဲ၊ လွှတ်တော် တဖက်ထဲ၊ အာဏာဇောင်း မစောင်းရလေအောင် အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ထိန်းထားပေးသည်။

ဒီနေရာမှာ အရေးကြီးသော အချက်ကို ထောက်ပြပါရစေ။ အမေရိကန်နိုင်ငံတွင် တဦးချင်း စွမ်းဆောင်မှု Individualism ကို အားပေးသည်။ ထို့ကြောင့် စစ်နိုင်ရေးသည် သမ္မတမှာ တာဝန်ရှိသည်။

သို့သော် ထိုမှတဆင့် နိုင်ငံတိုင်းတွင် စစ်တပ်က အာဏာမသိမ်းနိုင်ရန် အထိန်းအကွပ်ရှိရမည်။ အရေးကြီးသော ပညတ်ချက်မှာ စစ်တပ်၏ ဘတ်ဂျက်နှင့် စစ်ရာထူးခန့်မှုကို ထိန်းကွပ်ဖို့လိုသည်။ ဤနှစ်ခုလုံးတွင် သမ္မတ အပြင် လွှတ်တော်ကပါ ကိုင်တွယ်လာသည်။ အမေရိကန်စနစ်တွင် ဗိုလ်ချုပ် အဆင့် ရောက်သည်နှင့် ဥပဒေအရ သမ္မတက အဆိုပြုလာသော စစ်ဗိုလ်ကို လွှတ်တော်က အတည်ပြုပေးရပါသည်။ ထို့ကြောင့် အမေရိကန်စစ်ဗိုလ်တယောက် ဗိုလ်ချုပ်ဖြစ်ဖို့ရာ စစ်တပ်ထဲတွင်လည်း ဆရာရှိရသလို လွှတ်တော်တွင်လည်း ဆရာရှိရပါသည်။ တချိန်ထဲမှာ လွှတ်တော်ကလည်း စစ်ဗိုလ်ချုပ် ဖြစ်သင့်၊ မဖြစ်သင့် ချိန်ဆနိုင်မည်။ မလိုအပ်သူ များကိုဖယ်ရှားနိုင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်တုန်းက ဥရောပမှာ ဂျာမနီ၊ အာရှမှာ ဂျပန် တို့နဲ့ တပြိုင်ထဲ စစ်မျက်နှာ နှစ်ဖက်ကို တိုက်ခဲ့ရတဲ့အတွက် တချိန်ထဲမှာ စစ်ပွဲ (၂) ပွဲ အနိုင်တိုက်နိုင်ရမယ်ဆိုတဲ့ စစ်အတွေးအခေါ်ကို ယနေ့အထိ ခံယူထားပါတယ်။ စစ်အေးကာလတွင် စစ်အင်အားကြီးသော ဆိုဗီယက်တို့ဦးဆောင်သည့် ဝါဆော စစ်အဖွဲ့ကြီးကို ရင်ဆိုင်နိုင်ရန် စစ်အင်အားကို ပြင်ဆင်ခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် (၂ဝ) ရာစုဦးပိုင်းကာလကတည်းက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ခဲ့ရသောကြောင့် ၎င်း၏ စစ်ရေးအတွေးအခေါ် military doctrine မှာ တိုက်စစ် (offensive) ကိုဦးစားပေးသည်။

အမေရိကန်နိုင်ငံသည် လွတ်လပ်ရေးရပြီးသည်နှင့် ပြင်သစ်တို့နှင့် ရေတပ်တိုက်ပွဲဖြစ်သည်။ နောက်တခါ လူသိနည်းသော ၁၈၁၂ စစ် ခေါ်သော အင်္ဂလိပ်တို့နှင့် ဒုတိယ အကြိမ်စစ်တိုက်ရသည်။ ပြီး အမေရိကန်-မက်ဆီကို စစ်ပွဲဖြစ်သည်။ အမေရိကန်-စပိန် စစ်ပွဲဖြစ်သည်။ ဒိနောက် ပထမကမ္ဘာစစ်။ ဒုတိယကမ္ဘာစစ် ပြီးပြီးချင်း ကိုးရီးယားစစ်၊ ပြီးတော့ ဗီယက်နမ်စစ်၊ ပြီးတော့ အီရတ်စစ် (၂) ခါ။ ယခုလက်ရှိ အာဖဂန်စစ် ခေတ်အဆက်ဆက် စစ်တိုက်လာသော စစ်ကိုဦးစားပေးသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် တိုက်စစ် (offensive) ကို အားသန်သော စစ်တပ်ဖြစ်သည်။

ယနေ့တရုတ်နိုင်ငံသည် ကွန်မြူနစ်နိုင်ငံဟု အမည်တတ်ထားသော်လည်း ဝါဒရေးရာအရ နာမည်ခံ ကွန်မြူနစ်များဖြစ်သည်။ တရုတ်ကွန်မြူနစ်များသည် ဝါဒထက် ပါတီ အာဏာတည်မြဲရေး၊ တရုတ်ပြည်နှင့် တရုတ်လူမျိုး ကောင်းစားရေးကို ဦးတည်သော လက်တွေ့သမားများ ဖြစ်ကြသည်။ တရုတ်ကွန်မြူနစ်များသည် ပါတီတည်ထောင်စ၊ ကနဦး ကာလကတည်းက စစ်တပ်ကို စစ်ကော်မရှင်ကဦးစီးခဲ့သည်။ ထို့ကြောင့် တရုတ်၏ စနစ်အောက်တွင် စစ်ကော်မရှင်ဟာ သီးခြား အာဏာမဏ္ဍိုင် လာဖြစ်သည်။ တရုတ်စစ်တပ်ဟာ အစိုးရ အာဏာအောက်မှာမရှိ၊ စစ်ကော်မရှင်အောက်မှာ သီးခြားရပ်တည်သည်။

ထို့ကြောင့် လက်ရှိ တိန်လျောက်ပိန် တည်ဆောက်ခဲ့သော ဖွဲ့စည်းပုံ စံနစ်အောက်တွင် ထိပ်ဆုံး ခေါင်းဆောင်မှာ ပါတီခေါင်းဆောင်ဖြစ်ကာ သမ္မတ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ စသဖြင့် ရာထူး (၃) ခုစလုံးကို ရယူစေရမည်။ တိန်လျောက်ပိန် တဦးပဲ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးကိုကိုင်ထားပြီး နောက်ဆုံးမှ သမ္မတ ကျန်ဇီမင်းကို လွှဲပေးခဲ့သည်။ ကျန်ဇီမင်းကလည်း ဟူကျင်တောင်ကို လွှဲတော့ စစ်ကော်မရှင်ဥက္ကဋ္ဌရာထူးကို ကိုင်ထားရန် ကြိုးစားဖူးသေးသေးသော်လည်း နောက်ဆုံး လွှဲပေးခဲ့ရသည်။

တရုတ်စစ်ကော်မရှင်၏ ထူးခြားချက်မှာ တရုတ်စစ်တပ်၏ ဘတ်ဂျက်၊ စစ်တပ် လိုအပ်ချက်၊ စစ်ပစ္စည်း၊ စစ်လက်နက်အားလုံး စစ်ကော်မရှင်အောက်တွင် ရှိသည်။ ထို့ပြင် စစ်ဗိုလ်ချုပ်တွေ၊ စစ်ရာထူးခန့် အာဏာနဲ့ စစ်တပ်အရွှေ့အပြောင်းအားလုံးဟာ စစ်ကော်မရှင်လက်ထဲမှာ ရှိပါတယ်။ ဘတ်ဂျက်၊ စစ်ရာထူးခန့်အာဏာ နဲ့ စစ်တပ် အရွှေ့အပြောင်း အာဏာတွေဟာ စစ်တပ်ကို အာဏာမသိမ်းနိုင်အောင် ထိန်းကွပ်မှုတွေအတွက် အလွန်အရေးကြီးတဲ့ အာဏာထိန်းချုပ်မှု ယန္တရားတွေဖြစ်ပါတယ်။

မော်ဆုံးသွားပြီး (၄) ဦးဂိုဏ်းကို နှိမ်နှင်းဖို့ ဖမ်းမိန့်ပေးခဲ့တာ စစ်ကော်မရှင် အတွင်းရေးမှူး မာရှယ်ယိရှင်နင်း (Ye Jianying) ဖြစ်ပါတယ်။ မာရှယ်ယိရှင်နင်းဟာ တော်လှန်ရေးကတည်းကပါခဲ့တဲ့ စစ်သားဟောင်းကြီးဖြစ်လို့ တိန်လျောက်ပိန်ဟာ စစ်အတွင်းက အမှတ်(၄) တပ်မတော် (4th Route Army) ရဲ့ နိုင်ငံရေးမှူးဖြစ်ခဲ့တာကြောင့် စစ်တပ်က လေးစားမှု ရှိသည်။ တခါ ၁၉၈၉ တိန်အန်မင်ရင်ပြင်မှာ တရုတ်ကျောင်းသားတွေ ဆန္ဒပြကြတော့ စစ်ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့ တိန်လျောက်ပိန်ကပဲ ပစ်မိန့်ပေးပြီး နှိမ်နင်း စေခဲ့တာပဲ။

မနှစ်က တရုတ်ပြည် အနောက်ဖက် ဇင်ကျင်းပြည်နယ်မှာ ဆန္ဒပြပွဲတွေဖြစ်တော့ သမ္မတဟူချင်တောင်ဟာ နိုင်ငံခြားခရီးစဉ်ကို ဖျက်ပြီးပြန်ခဲ့ရတယ်။ အဲဒီအချိန်က စစ်ကော်မရှင်မှာ ပါတီက ဟူချင်တောင်တယောက်ပဲ ပါဝင်တယ်။ လိုအပ်လို့ တပ်အရွှေ့အပြောင်းအမိန့်ကို သူတယောက်ပဲ ပေးနိုင်လို့ပါ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကမှ အိမ်ရှေ့စံ ဒုသမ္မတ ( Xi Ping ) ကို စစ်ကော်မီရှင်ရဲ့ ဒုဥက္ကဋ္ဌ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

တရုတ်စနစ်အောက်မှာ ကာကွယ်ရေးဝန်ကြီးလက်အောက်မှာ စစ်တပ်မရှိပါ။ စစ်တပ်ဟာ စစ်ကော်မရှင်အောက်မှာပဲတည်ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့တာဝန်က တခြားနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများကတဆင့် တခြားနိုင်ငံတွေက စစ်တပ်များနဲ့ ဆက်ဆံရေးဖြစ်ပါတယ်။

သို့ပေမယ့်လည်း ကာကွယ်ရေးဝန်ကြီး (ဗိုလ်ချုပ်ကြီးအဆင့်)စစ်ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါသည်။

ကမ္ဘာပေါ်မှာ နိုင်ငံအများအားဖြင့်ဟာ စစ်တပ်ကို ကာကွယ်ရေးဝန်ကြီးအောက်မှာပဲ ထားလေ့ရှိပါတယ်။ တရုတ်နဲ့ တရုတ်ပုံစံကို အတုခိုးကြတဲ့ ကွန်မြူနစ်နိုင်ငံတွေမှာပဲ စစ်တပ်ကိုစစ်ကော်မရှင် အောက်မှာထားကြပါတယ်။ တရုတ်စစ်တပ်ဟာ ကနဦး အစကတည်းက ဗဟိုဦးစီး စနစ်အောက်မှာပေါက်ဖွားရတာကြောင့် ဗဟိုကချုပ်ကိုင်တဲ့ ပုံစံသဏ္ဌာန်ကိုယူခဲ့တယ်။ ဒါကြောင့် တရုတ်ဖွဲ့စည်းပုံမှာ ဗဟိုဌာနချုပ် (၃) ခုရှိပါတယ်။ တရုတ်စစ်တပ်မှာ နိုင်ငံရေးမှူးတွေ တွဲထားတဲ့ အလေ့အထ ရှိတာကြောင့် နိုင်ငံရေးဌာန၊ ဌာနချုပ်ဆိုတာရှိတယ်။ တခါ ထောက်ပံ့ရေး (Logistic) နဲ့ စစ်လက်နက်ဝယ်ယူရေးကို (Armaments) ဗဟိုကချုပ်ကိုင်တာကြောင့် ဒီဌာန (၂) အတွက် ဗဟိုဌာနချုပ် (၂) ခုရှိပြန်တယ်။

ထူခြားတဲ့ နောက်ဖွဲ့စည်းပုံက တရုတ်စစ်တပ်မှာ အနုမြူလက်နက်တွေကို ဒုတိယ အမြောက်တပ်မတော် Second Artillery Corps အောက်မှာ တစုတဝေးထဲထားတယ်။ အထူးသဖြင့် အမေရိကန် နဲ့ ဆိုဗီယက်တို့မှာ မှားပြီး အနုမြူလက်နက်တွေ သုံးမိမှာစိုးလို့ သမ္မတသွားလေရာ အနုမြူ ပစ်မိန့် လျှို့ဝှက် နံပါတ်တွေကို စစ်ဗိုလ်တယောက်က သယ်ဆောင်လိုက်ရတယ်။ သမ္မတကပဲ ပစ်မိန့်ပေးနိုင်တယ် ။ တခါပစ်မိန့်ကို စစ်ဗိုလ် (၂) ယောက်က မှန်မမှန်စစ်ပြီးမှ (၂)ယောက်စလုံး သော့ဖွင့်ပြီး တပြိုင်ထဲပစ်မှ အနုမြူ လက်နှက်တွေကို ပစ်လို့ရအောင် လုံခြုံရေး အစီအမံတွေ အဆင့်ဆင့် တပ်ဆင်ထားကြရတယ်။ တရုတ်က ဒီလုံခြုံရေး စနစ်ကိုမသုံးဘူး။

အနောက်နိုင်ငံ တွေမှာတော့ ကြည်း၊ရေ၊လေ ခွဲထားပြီး သက်ဆိုင်ရာ ဌာနအောက်မှာ သက်ဆိုင်ရာ ထောက်ပံ့ရေး ၊စစ်လက်နက်ဝယ်ယူရေးနဲ့ အနုမြူလက်နက်တပ်ဆင်ရေးတို့ကို ကြည်း၊ရေ၊လေ အလိုက်ခွဲတာဝန်ယူကြတယ်။

လက်ရှိတရုတ်စစ်ကော်မရှင်ဝင်များ-

ဥက္ကဋ္ဌ ထိပ်တန်းခေါင်းဆောင် - သမ္မတ - ပါတီအကြီးအကဲ

လက်ရှိ ဟူချင်တောင်

ဒုဥက္ကဋ္ဌ (ဒု) ထိပ်တန်းခေါင်းဆောင် - (ဒု) သမ္မတ

လက်ရှိ ဇီပင်း Xi Ping

Gen. LIANG Guanglie (梁光烈) – Defence Minister
Gen. CHEN Bingde (陈炳德) – Chief of the General Staff
Gen. LI Jinai (李继耐) – Director of the General Political Department
Gen. LIAO Xilong (廖锡龙) – Director of the General Logistics Department
Gen. CHANG Wanquan (常万全) Director of the General Equipment Department
Gen. JING Zhiyuan (靖志远) – Commander of the Second Artillery Corps
Adm. WU Shengli (吴胜利) – Commander of the PLA Navy
AF Gen. XU Qiliang (许其亮) – Commander of the PLA Air Force

(မှတ်ချက်။ တရုတ်စာနှင့် စကားမတတ်ပါ၍ အသံထွက်အမှန်ကို ဗမာလို မဖေါ်ပြတော့ပါ။ ထိုကြောင့် အင်္ဂလိပ် စာလုံးပေါင်းအတိုင်း ဖေါ်ပြလိုက်ပါသည်။)

ဒါကြောင့် တရုတ်စစ်ကော်မရှင်မှာ ကြည်း၊ရေ၊လေ အကြီးအကဲတွေ အပြင် ဗဟိုဌာနချုပ် (၃) ခုရဲ့ အကြီးအကဲတွေ အနုမြူလက်နက်တွေကို ကိုင်တွယ်ရတဲ့ ဗိုလ်ချုပ်၊ ကာကွယ်ရေးဝန်ကြီး (ဗိုလ်ချုပ်) လဲပါဝင်ပြန်တယ်။

တရုတ်စစ်တပ်ရဲ့ စစ်ရေးအတွေးအခေါ်ဟာ ခံစစ်ဖြစ်တယ်။ ဒါပေမဲ့ ခံစစ်ဟာ ကြီးထွားလာပြီး ကျယ်ပြန့်လာရုံမက ပိုမိုအစွမ်း ထက်လာတော့ တက်ကြွလှုပ်ရှားလျက်ရှိသောခံစစ် (Active Defense) ဆိုပြီးသုံးလာပြန်တယ်။

မော်လက်ထက်ကထဲက တရုတ်ဟာ တိုင်ဝမ်ပြဿနာနဲ့ ကိုးရီးယားစစ်တို့ကြောင့် အမေရိကန်တွေ ဝင်တိုက်လိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ခံစစ်ကို ပြင်ခဲ့ကြတယ်။ အကြမ်းဖျဉ်းတော့ တရုတ်တပ်တွေကို အတွင်းထဲ ဆုတ်ပေးလိုက်မယ်။ ဒါကြောင့် လိုဏ်ခေါင်းတွေတူးပြီး စစ်လက်နက် ပစ္စည်းတွေနဲ့ ရိက္ခာတွေ စုဆောင်းထားမယ်။ ပထမ ပြောက်ကျားနည်းနဲ့ ခုခံ၊ ပြီးမှ တပ်ကိုပြန်စု။ ပြီးမှ အလုံးအရင်းနဲ့ ပြန်မောင်းထုတ်။ ဗီယက်နမ်စစ်မှာလို အမေရိကန်တွေ အသေအပျောက် များလာရင် အမေရိကန် ပြည်သူတွေရဲ့ ထောက်ခံမှုကို မရရင်၊ အမေရိကန်တွေ ပြန်ဆုတ်ရမယ်ဆိုတဲ့ စစ်ရေး အတွေးအခေါ်မှာရပ်တဲ့ ခံစစ် ပြင်ဆင်ရေးပဲ ဖြစ်ပါတယ်။ တိုက်ရည်ခိုက်ရည်၊ တိုးတက်မှုအရ ဒီခံစစ်ကိုပြင်ဆင်ခဲ့တာ အဆင့် (၅) 5th Generation သို့တိုင်ရောက်ခဲ့ပါပြီ။
မောင်အောင်မျိုးရဲ့ Building the Tatmadaw: Myanmar Armed Forces Since 1948 ကိုဖတ် ကြည့်ရင် ဗမာစစ်ရေးအတွေးအခေါ် Military Doctrine ဟာ တရုတ်ဆီက တပုံစံအတိုင်း ကူးယူထားတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလဲ နိုင်ငံအလယ်ပိုင်း နေပြည်တော်ကိုရွှေ့၊ လိုဏ်ခေါင်းတွေတူးပြီး ခံစစ်ကို ပြင်နေတာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ခံစစ်အနေအထားဟာ ဒုတိယအဆင့် 2nd generation သာသာပဲရှိပါသေးတယ်။ စစ်ရေးအရကြည့်ရင် ရန်ကုန်မြို့ဟာ Sea Assault လို့ခေါ်တဲ့ ရေကြောင်းက တိုက်ခိုက်မှု အန္တရာယ်ရှိတယ်။ စစ်တပ်မှာ Command and Control လို့ခေါ်တဲ့ အမိန့်ပေးထိန်းချုပ်မှုဟာ သိပ်အရေးကြီးပါတယ်။ ဒါပျက်ပြယ်သွားရင် တပ်တွေဖရိုဖရဲ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့် ရေကြောင်းက တိုက်ခိုက်မှု အန္တရာယ်ရှိတယ်ဆိုတာ စစ်သားအတွေးနဲ့ကြည့်ရင် အလွန်အရေးပါပါတယ်။

စစ်တပ်တခုမှာ စစ်ရေးအတွေးအခေါ်ဟာ အရေးကြီးပါတယ်။ ဒီ စစ်ရေးအတွေးအခေါ် အပေါ်မူတည်ပြီး မိမိရဲ့ မျှော်မှန်းချက်တို့၊ မဟာဗျူဟာတို့ကို ချမှတ်ရတာပါ။

အမေရိကန် ရေတပ်နဲ့ တရုတ် ရေတပ်ကွာခြားမှု

နိုင်ငံတိုင်းဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာရင် ၎င်းရဲ့ အင်အားကိုပြဖို့ ရေတပ်ကို ထိုးချဲ့ရပါတယ်။ ရေတပ်မှာ (၃)မျိုး (၃) စား ရှိပါတယ်။ မြစ်ကမ်းနံဘေး ကမ်းရိုးတန်းလောက်သာ လှုပ်ရှားနိုင်တဲ့ အဆင့်ရှိတဲ့ ရေတပ်ကို Brown Water Navy အညိုရောင် ရေတပ်လို့ သတ်မှတ်ကြပါတယ်။ မိမိရဲ့ ကမ်းလွန်ရေပြင်မှ တဆင့် မိမိ ဒေသအတွင်း မိမိရဲ့ အင်အားကို ထုတ်ပြနိုင်သော အဆင့်သာရှိတဲ့ရေတပ်ကို ခေတ်သစ်အသုံးအနှုန်းအရ Green Water Navy အစိမ်းရောင်ရေတပ်လို့ သတ်မှတ်ကြပါတယ်။ Blue Water Navy အပြာရောင် ရေတပ်ဆိုတာကတော့ မိမိကမ်းခြေထက် လွန်စွာကွာလှမ်းတဲ့ ကမ်းခြေအထိ မိမိအင်အားကို ထုတ်ပြနိုင်တဲ့ရေတပ်။ တနည်းအားဖြင့် ကမ္ဘာ့သမုဒ္ဒရာ အားလုံးမှာလိုသလို ကျင်လည်လှုပ်ရှားနိုင်တဲ့ရေတပ်ကိုမှ အပြာရောင် ရေတပ်လို့ သတ်မှတ်နိုင်ပါတယ်။ တကမ္ဘာလုံး မိမိအာဏာစက် ဖြန့်နိုင်ဖို့က မိမိသင်္ဘောများကို လေယာဉ်ရန်မှ ကာကွယ်ဖို့ လေယာဉ်တင်သင်္ဘောမရှိ၍မဖြစ်ပါ။ ထို့ကြောင့် တရုတ်ရေတပ်မတော်ကို အစိမ်းရောင် ရေတပ်မှ အပြာရောင်ရေတပ်အဖြစ် အသွင်ကူးပြောင်းဖို့ တရုတ်အစိုးရက လေယာဉ်တင်သင်္ဘော တည်ဆောက်ဖို့ ပြင်ဆင်ရတာပါ။

ကမ္ဘာမှာ လေယာဉ်တင်သင်္ဘောရှိတဲ့ရေတပ်ဟာ (၇) နိုင်ငံလောက်ပဲရှိပါတယ်။ နိုင်ငံအများရဲ့ လေယာဉ်တင်သင်္ဘောတွေဟာ သင်္ဘောထိပ်ပိုင်းမှာ Flat Top လို့ ခေါ်တဲ့ လေယာဉ် အဆင်းအတက်အတွက် ပြေးလမ်းကို တင်လိုက်ကြတာ။ အမေရိကန် လေယာဉ်တင်သင်္ဘေတွေက ပြေးလမ်း (၂) ခုပါတဲ့ ဧရာမသင်္ဘောကြီးတွေဖြစ်တယ်။ လက်ရှိ အမေရိကန်မှာ လေယာဉ်တင်သင်္ဘော (၁၁) စီးရှိပါတယ်။ USS Enterprise ကလွဲလို့ လေယာဉ် တင်သင်္ဘော(၁ဝ) စီးဟာ Nitmitz Class လို့ ခေါ်ပါတယ် ။ နောက်ဆုံး ရေချတဲ့ သင်္ဘောက USS George Bush ဖြစ်တယ် ။ အမေရိကန်ရေတပ်က လေယဉ်တင် သင်္ဘောတစီးမှာ စစ်သား ၅ဝဝဝ ခန့်ရှိပြီး လေယာဉ် အစီး (၈၅-၉ဝ) သယ်ဆောင်နိုင်ပါတယ်။ သင်္ဘောအတွက် လည်ပတ်ငွေ သက်သက်ဟာ ဒေါ်လာ သန်း (၁,ဝဝဝ) တစ်ဘီလျံရှိပါတယ်။

တရုတ် ရေတပ်မတော်ဟာ အခုမှ လေယာဉ်တင်သင်္ဘော တည်ဆောက်ဖို့ ပြင်ဆင်တုန်း ရှိပါသေးတယ်။ ယူကရိန်းက ဆောက်လို့မပြီးသေးတဲ့ Varyag ဆိုတဲ့ လေယာဉ်တင်သင်္ဘောကိုဝယ်ပြီး လေ့ကျင့်နေကြရပါပြီ။ လေယာဉ်တင်သင်္ဘောတစီး ရေချ လေ့ကျင့်အဆင်သင့်ဖြစ်ဖို့ (၅) နှစ်မှ (၁ဝ) နှစ်လောက် အချိန်ယူရပါတယ် ။ USS George Bush ကို ၂ဝဝ၁ မှာ စတင်တည်ဆောက်တယ်၊ ၂ဝဝ၆ မှာရေချနိုင်တယ်။ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်း အီလက်ထရွန်းနစ်ပစ္စည်း၊ ရေတပ်သားများနဲ့ လေယာဉ်မှူးတွေကို စုဆောင်းပြင်ဆင်ရတာ ၂ဝ၁ဝ မှ စစ်မှုစထမ်းနိုင်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က လူသိနဲပြီး လျှို့ဝှက်မှတ်တမ်းမဟုတ်တဲ့ တရုတ်အစိုးရ အစီရင်ခံစာတခုက ဖေါ်ပြခဲ့တာမှာ အနုမြူသုံးမဟုတ်တဲ့ တန် ၆ဝ,ဝဝဝ ရှိတဲ့ လေယာဉ်တင်သင်္ဘောကို ၅ နှစ်အတွင်းရေချပြီး ဒီ ၁ဝ စုနှစ်မတိုင်ခင် စစ်မှုထမ်းနိုင်မယ်။ ဒိထက် ပိုကြီးမားတဲ့ အနုမြူလောင်စာသုံး သင်္ဘောကို (၁ဝ) နှစ်အတွင်း ရေချနိုင်မယ်။ လောလောဆယ်မှာ ရှီလန် လို့ နာမည်ပြောင်းထားတဲ့ Varyag ကို ပြီးအောင် ပြင်ဆင်တည်ဆောက်ပြီး (၂) နှစ်အတွင်း လေ့ကျင့်ရေးသင်္ဘောအဖြစ် စစ်မှုထမ်းနိုင် ရန်အစီအစဉ်ရှိတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

အမေရိကန်ရေတပ်မတော်ဟာ နောက် ခေတ်သစ် လေယာဉ်တင်သင်္ဘော တည်ဆောက်ဖို့ အစီအစဉ်တွေရှိပါတယ်။ CVN-21 (၂၁) ပရိုဂရမ်လို့ခေါ်ပါတယ်။ ခေတ်သစ်လေယဉ်တင် သင်္ဘော က Stealth Design ရေဒါ မမြင်ရတဲ့ ဒီဇိုင်းပါ။ ရေဒါ မမြင်ရဆိုပေမယ့် လုံးဝမမြင်ရတာ မဟုတ်ပါ။ လေယာဉ်တင် သင်္ဘောကြီးကို ငါးဖမ်းလှေအရွယ်ထင်ရအောင် စီမံထားတာပါ။ လောလောဆယ် အင်ဂျင်နီယာပိုင်း အခက်အခဲနဲ့ ဈေးသိပ်ကြီးတာတွေနဲ့ ရင်ဆိုင် နေရပါသေးတယ်။ ဒါကြောင့် Nitmitz Class ကိုပဲ တိုးတက်အောင် မွမ်းမံထားတဲ့ Ford Class၊ USS Gerald Ford ကို ၂ဝဝ၈ ကထဲကတည်ဆောက်ခဲ့တာ ၂ဝ၁၅ မှာ ပြီးမယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်ရေတပ်မှာ Stealth Destroyer ရေဒါမမြင်ရတဲ့ ဖျက်သင်္ဘောတွေ ရှိနေပါပြီ။ U.S. Zumwalt-class destroyer လို့ ခေါ်ပါတယ်။

ထိုင်းနိုင်ငံဘုရင့်ရေတပ်မတော်မှာ လေယာဉ်တင်သင်္ဘော အသေးစားတစီး ရှိပါတယ်။ အကယ်၍များ မြန်မာနိုင်ငံနှင့် စစ်ဖြစ်ခဲ့သော် လေယာဉ်တင်သင်္ဘောနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်က နှစ်ဖက်ညှပ်တိုက်နိုင်ပါတယ် ။ စစ်မျက်နှာတခုအစား နှစ်ခု ဖွင့်တိုက်နိုင်ပါတယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောတွေဟာ စစ်ရေးအရ အရေးကြီးပါတယ် ။

အမေရိကန်ရေတပ် တည်ဆောက်ပုံ

အမေရိကန်ရေတပ်တည်ဆောက်ပုံက ရှုပ်ထွေးပါတယ်။ အမေရိကန် စစ်ရေးအတွေးအခေါ်က စစ် (၂) ခုကို တပြိုင်ထဲတိုက်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့အတွက် သူ့ရဲ့ရေတပ်ကို အတ္တလန်တစ်အုပ်စု Atlantic Fleet (Norfolk, Virginia) နဲ့ ပစိဖိတ်အုပ်စု Pacific Fleet (Pearl Harbour, Hawaii) ဆိုပြီး ခွဲထားပါတယ်။ ပြီးမှတခါ နံပါတ်တပ်ခေါ်တဲ့ Numbered Fleets ဆိုပြီး ကမ္ဘာကြီးရဲ့ ပထဝီအနေအထားရ လိုအပ်သလို ဖွဲ့ထားပြန်တယ်။ ဥပမာ အာရှ အတွက် 7th Fleet အမှတ် (၇) ရေတပ်မတော်၊ ဥရောပအတွက် 6th Fleet အမှတ် (၆) ရေတပ်မတော်။ အခုလိုအပ်လာလို့ 5th Fleet အမှတ် (၅) ရေတပ်မတော် ကို ဘာရိန်းမှာ ပြန်ထားတယ်။ နောက်ဆုံး 4th Fleet အမှတ် (၄) ရေတပ်မတော်ကို တောင်အမေရိက (Latin America) အတွက် ၂ဝဝ၈/၂ဝဝ၉ ကပြန်ဖွဲ့ခဲ့ပါတယ်။ ဒီ နံပါတ် ရေတပ်မတော်တွေက လှုပ်ရှားနေရတဲ့ ရှေ့ပြေးရေတပ်တွေ ဖြစ်တယ်။ ဥပမာ 5th Fleet အမှတ် (၅) ရေတပ်မတော်ဟာ သူ့နယ်မြေအောက်မှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာမှာ ကင်းလှည့်ရတယ်။ လိုအပ်တဲ့ သင်္ဘောနဲ့ ရေတပ်သားတွေကို အတ္တလန်တိတ်အုပ်စုနဲ့ ပစိဖိတ်အုပ်စုက Atlantic Fleet နဲ့ Pacific Fleet က အလှည့်ကျ ပို့ပေးရတယ်။ အမှတ် (၂) ရေတပ်မတော် က ဗာဂျီးနီးယားမှာရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာ တောက်လျောက် မြောက်ကနေတောင်အထိ တာဝန်ရှိတယ်။ အမှတ် (၃) ရေတပ်မတော် ကယ်လီဖိုးနီးယားပြည်နယ် စင်ဒီရေးဂိုးမှာ ရှိတယ်။ အဝေးရောက် အမှတ်စဉ်နဲ့ ရေတပ်မတော်တွေက တကယ်ကင်းလှည့်ပြီး ရန်သူနဲ့ရင်ဆိုင်ရတဲ့ တိုက်ခိုက်ရေး တပ်တွေ၊ ဒီတပ်တွေ တိုက်ရည်ခိုက်ရည်ရှိအောင် ထောက်ပံ့ရေး Logistic နဲ့ ခဲယမ်းလက်နက် အပိုပစ္စည်းတွေ ပြည့်စုံအောင် အတ္တလန်တိတ်နဲ့ ပစိဖိတ်အုပ်စုတွေက တာဝန်ယူကြရပါတယ်။ ဥပမာ Shore Commanders ကမ်းခြေစစ်စခန်းမှူး တွေရှိပါတယ်။သူတို့က ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ။

ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိ သလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေ ရောက်ကုန်ပါပြီ။
တခါ ရေတပ်နဲ့ အတူ ကမ်းခြေတက်တပ် မရိန်းMarines တွေရှိပါတယ်။ မရိန်းစစ်ဗိုလ်တွေဟာ ရေတပ် စစ်ဗိုလ် သင်တန်းကျောင်းမှာ အတူတူ တက်ကြရပါတယ်။ ပြီးမှ မရိန်း စစ်ဗိုလ်အဖြစ် ခွဲထွက် သွားကြပါတယ်။ သို့သော် Chain of Command လို့ခေါ်တဲ့ အဆင့်ဆင်အမိန့် လိုက်နာမှုကျတော့ မရိန်းတွေက သပ်သပ်၊ Marines Commandant အကြီးအကဲအောက်မှာရှိ ပြန်တယ်။ မရိန်းတွေမှာလဲ မရိန်းတွေကို ကူတိုက်ဖို့ မရိန်းလေတပ်အသေးစားရှိပြန်တယ်။ မရိန်းတွေဟာ ရက် (၆ဝ) အကူအညီမရဘဲ ကမ်းခြေတက်သိမ်းပြီးရင် ထိန်းထားဖို့ ပြင်ဆင်ထားပါတယ်။ ကမ်းခြေတက် မရင်းတွေ ဟာ တကိုယ်ထဲသွားလို့မရပါ။ ရေတပ် သင်္ဘောတွေက အကူပေးရတာကြောင့် ရေတပ်နှင့်အတူပါရတာကြောင့် မရိန်းတွေဟာ ရေတပ်နဲ့အတူ တွဲထားရပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေနဲ့ တိုက်ရာမှာ မရိန်းတွေ နာမည်ကောင်း ရခဲ့ပါတယ် ။ ဒါကြောင့် မရိန်းတွေဟာ The Few, The Good, The Marines ဆိုပြီး ဂုဏ်ယူကြွေးကြော်ကြတာပါ။ လူနည်းတယ် သို့သော် တော်ကြတယ်ပေါ့။ အမေရိကန်မှာ လက်ရှိ မရင်းတပ်မ (၄) ခုရှိပါတယ်။ ကြည်းတပ်မှာ တပ်မ (၁ဝ) ခုရှိပါတယ်။

အမေရိကန်မှာ ရေတပ်အကြီးအကဲကို Chief of Naval Operation (CNO) လို့ခေါ်ပါတယ်။
အမေရိကန် တပ်မတော် ဖွဲ့စည်းပုံမှာ စစ်တပ်က အာဏာမသိမ်းနိုင်အောင် ကြည်း-ရေ-လေ-မရိန်းကို မျှမျှတတ လိုအပ်သလို ထူထောင်ပေးထားပါတယ်။ ဗမာနိုင်ငံမှာလို ကြည်းတပ်က လွှမ်းမိုးထားတာမျိုးမရှိပါ။ ဥပမာ ရေတပ်မှာ မရိန်းတပ်တွေရှိသလို လေယာဉ်တွေရှိတယ်။ အရေးအကြီးဆုံးက စစ်ဗိုလ်ချုပ်တယောက်ကို အကြမ်းဖျဉ်း (၄) နှစ်ထက်ပိုပြီး တနေရာမှာ မထားပါ။

အမေရိကန်ရေတပ်ဟာ တိုက်ပွဲထွက်ရင် မက်ထရစ် Matrix ပုံသဏ္ဌာန် သင်္ဘောတွေ လာစုပြီး task force အနေနဲ့ တိုက်ကြပေမယ့် သင်္ဘောအမျိုးအစားအလိုက် ထောင်လိုက် (Vertical) ခွဲပြီး ပဏာမအနေနဲ့ လေ့ကျင့်ကြရတယ် ။ ဥပမာ။ ။ ရေငုပ်သင်္ဘောအုပ်စုနဲ့ ရေပေါ် သဘောင်္အုပ်စုဆိုပြီးခွဲ ထားတယ်။ ရေပေါ်သင်္ဘောအုပ်စုအောက်မှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဖျက်သင်္ဘောအုပ်စု၊ ခရူဇာအုပ်စု၊ ဖရီးဂိတ် အုပ်စုဆိုပြီး သင်္ဘောအမျိုးအစားလိုက်ခွဲပြီး လေ့ကျင့်ရတယ်။ ဒါတွေကို အုပ်ချုပ်ဖို့ type commanders တွေဆိုပြီးရှိတယ်။ သင်္ဘောအမျိုးအစားအလိုက် ကျွမ်းကျင်အောင် လုပ်ခြင်းဖြစ်တယ်။

လေယာဉ်တင်သင်္ဘောဟာ တစီးထဲ ကင်းလှည့်လေ့မရှိပါ ။ carrier group လို့ခေါ်တဲ့ အစောင့်အလျှောက်တွေ ခြံရံပြီး ကင်းလှည့်ရပါတယ် ။ ဥပမာ Aeigis system လို့ခေါ်တဲ့ ရေဒါစနစ်က မိုင် ၃ဝဝ အတွင်းရှိရှိသမျှသော သင်္ဘောတွေ၊ လေယာဉ်တွေကိုရှာပြီး လိုအပ်ရင် ပစ်ချနိုင်ဖို့အဆင်သင့် လုပ်ထားရပါတယ်။ လေယာဉ်ပစ်ဒုံးပျံတွေ၊ ရေငုပ်သင်္ဘောကိုပစ်ဖို့ depth charge တွေပေါ့။ ဒါပေမဲ့ အဝေးကရေအငုပ်သင်္ဘောကျတော့ ဆိုနာ sonar နဲ့ပဲရှာလို့ ရပါတယ်။ ဒါကြောင့် ရေငုပ်သင်္ဘောလဲ ပါရပြန်တယ်။ လိုအပ်ရင် တော်ပီတိုနဲ့ပစ် အကာအကွယ်ပေးမယ်။ ဒါကြောင့် ကိုယ့် သင်္ဘောအလိုက် ကျွမ်းကျင်မှုကို Type commander တွေက လေ့ကျင့်ပေးပြီး ဒုတိယ အဆင့် အားလုံးပါဝင် တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်ကြရပြန်တယ်။ ဥပမာ ဒီတာဝန်ကို Atlantic Fleet အတွက် 2nd Fleet က တာဝန်ယူလေ့ကျင့် ပေးရပြန်တယ်။

ရေငုပ်သင်္ဘောမှာလဲ မတူတဲ့ တာဝန်တွေရှိပြန်တယ်။ ရန်သူ ရေငုပ်သင်္ဘေတွေ၊ ရန်သူ့ သင်္ဘောတွေကို လိုက်ရှာပြီး ဖျက်စီးတိုက်ခိုက်နိုင်တဲ့ ရေငုပ်သင်္ဘောကို attack submarine (SSN) လို့ခေါ်ပါတယ်။ သူတို့ က အရွယ်အစားပိုသေးတယ်။ ပိုမြန်တယ်။ စစ်အေးတိုက်ပွဲခေတ်က ရန်သူက မိမိနိုင်ငံကို လက်ဦးမှုယူပြီး တိုက်ခိုက် ဖျက်ဆီးခဲ့သည်ရှိသော် ရန်သူကို ပြန်လည်ချေမှုန်းဖျက်ဆီးနိုင်ဖို့ အဝေးပစ် အနုမြူဒုံးပျံတွေ တင်ပြီး ကင်းလှည့်နေတဲ့ ရေငုပ်သင်္ဘောတွေကို Fleet ballistic missile submarines (SSBN) လို့ခေါ်ပါတယ်။ ဒါက MAD (Mutual Assured Destruction) ငါသေရင် မင်းလဲ သေမယ်ဆိုတဲ့ မဟာဗျူဟာအရပါ SSBN တွေ တခါတခါ တာဝန်ကျရင် လနဲ့ချီပြီး ရေအောက် မှာပျောက်နေတတ်ပါတယ်။

ရေငုပ်သင်္ဘောဟာ ဒီဇယ်ဆီနဲ့မောင်းရင် ဘက်ထရီကိုအားပြန်သွင်းဖို့ ရေပေါ်ပြန်တက်ရပါတယ်။ ဒါကြောင့် အမေရိကန် ရေငုပ် သင်္ဘောတွေ အားလုံးဟာ အနုမြူအားနဲ့မောင်းတဲ့ သင်္ဘောတွေချည်းပါပဲ။ ထို့အပြင် အခု cruise missile တွေပါတပ်ဆင်ထားတာပါတယ်။ ရေအောက်က ကုန်းကို ပစ်နိုင်စွမ်းရှိတာကြောင့် ရေငုပ်သဘောင်္တွေဟာပိုပြီး အရေးပါလာကြပါတယ်။ ရေငုပ်သင်္ဘောမှာ အသံမထွက်ဖို့က အဓိကကျပါတယ်။ ဆိုဗီယက်ခေတ်က ရေငုပ်သင်္ဘောတွေဟာ စက်သံဆူညံတာကြောင့် ဆိုနာနဲ့ လွယ်လွယ် ရှာနိုင်တယ်။ တရုတ်သင်္ဘောတွေဟာ အမေရိကန်ရေငုပ်သင်္ဘောတွေထက် ပိုဆူညံတာကတော့ မငြင်းနိုင်တဲ့ အားနည်းချက်ဖြစ်ပါတယ်။
ကျနော်တို့အရပ်သားတွေရဲ့ အားနဲချက်က (စစ်) ဆိုရင်မုန်းလိုက်တာ၊ ရေတောင်(စစ်) မသောက်ဘူးဆိုပြီး (စစ်) နဲ့ပတ်သက်ရင် ဘာမှ မသိချင်၊ မလေ့လာချင်ကြဘူး။
စစ်တပ်ဆိုတာဘာလုပ်လုပ် အမိန့်ပြန်တမ်းနဲ့ မှတ်တမ်းရေးရပါတယ်။ ဒါကြောင့် စစ်တပ်မှာ institutional knowledge လို့ခေါ်တဲ့ အဆက်ဆက် နားလည်မှု ရှိပါတယ်။ လေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်တာ တပိုင်း၊ ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ် တိုက်ခိုက်နိုင်တာတပိုင်းပါ။ ဒါကြောင့် တရုတ်ရေတပ်မတော်ဟာ လေယာဉ်တင် သင်္ဘောချင်း ယှဉ်နိုင်ဖို့ အနည်းဆုံး (၅) နှစ်ကနေ (၁ဝ) နှစ်၊ (၁၅) နှစ် ကြိုးစားရပါအုံးမယ်။

အမေရိကန်ရေတပ်ဟာ ဒုတိယကမ္ဘာစစ်က Midway တိုက်ပွဲမှာ ရာမာမိုတိုခေါင်းဆောင်တဲ့ ဂျပန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော (၄)စီးကို ဖျက်ဆီးနိုင်ပြီးကထဲက လေယဉ်တင် သင်္ဘောချင်း တိုက်တဲ့ စစ်အတွေ့အကြုံကိုရခဲ့ပြီး ကိုရီးယားစစ်၊ ဗီယက်နမ်စစ်၊ အီရတ်စစ်တွေမှာ လေယဉ်တင်သင်္ဘောနဲ့တိုက်တဲ့ အတွေ့အကြုံတွေ တောက်လျောက် ရခဲ့ပါတယ်။ တရုတ်ဟာ အခုမှ စ လုံးရေ စ ရမှာ။

လေယဉ်တင်သင်္ဘောတွေဟာ ရန်သူ့ တော်ပီတိုကိုရှောင်ဖို့ ဒုတိယကမ္ဘာစစ်ကထဲက တိုက်ပွဲဝင်ရင် တည့်တည့်မမောင်းဘဲ ဘယ်လှည့်ညာလှည့် zig zag မောင်းရတာတွေ ရှိတယ် ။ အခုခေတ်မှာ အတတ်ပညာတွေ တိုးတက်တာကြောင့် ရန်သူပစ်လိုက်တဲ့ တိုပီတိုကို ရှောင်တိမ်းနိုင်တဲ့ နည်းပညာတွေ၊ လမ်းပြောင်းပေးနိုင်တဲ့ diversion techniques နည်းလမ်းတွေ ရှိပါတယ်။

ထို့ပြင် ခေတ်မီ စစ်တပ်တွေမှာ ညတိုက်ပွဲကို မကျွမ်းကျင်လို့ မရပါဘူး။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ ည မှာ လေယာဉ် အဆင်းအတက်ကို မလေ့ကျင့်လို့မရပါ ။ အန္တရာယ်လဲ အလွန် ကြီးမားပါတယ်။ လေယဉ်တင်သင်္ဘောမှာ ဆင်းလာတဲ့ လေယာဉ်ကို သံမဏိချိတ်တွေနဲ့ချိတ်ပြီး လေယာဉ်ကို စောင့်ရပ်စေရတာပါတယ်။ Tail-Hook လို့ခေါ်ပါတယ်။ တက်တော့လဲ Catapult လို့ခေါ်တဲ့ သံမဏိလေးခွနဲ့ အရှိန်တချီထဲရအောင် တွန်းတင်ပေးလိုက်တာပါ။ ဒါကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောတွေမှာ အရောင်နဲ့ခွဲပြီး Color-coded သူ့နေရာ၊ သူ့တာဝန်ခွဲပြီး orchestra သီချင်းတီးဝိုင်းလို၊ ဟန်ချက်ညီညီ တာဝန်ယူကြရတာ။ တချက်လေးမှားတာနဲ့ လူအသေအပျောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ တချိန်လုံး လေ့ကျင့်နေကြရပါတယ်။

လေယာဉ်တင်သင်္ဘောဆိုတာက ရေတပ်အင်အားအပြင် လေတပ်အင်အားကိုပါ တင်ပြီး ပင်လယ်ပြင် တနေရာကနေ နောက်တနေရာကို သယ်ဆောင်ပြီး အင်အားပြ၊ အင်အားချဲ့တာကိုး။ လေတပ်၊ ရေတပ်တွေမှာ ဒုတိယကမ္ဘာစစ်ကထဲက fighter တိုက်လေယာဉ်နဲ့ fighter bomber (သို့) တော်ပီတို လေယာဉ် Torpedo plane ဗုံးကြဲတိုက်လေယာဉ်ဆိုတာတွေ ဆိုတာတွေ ရှိပါတယ်။ အခုခေတ်မှာတော့ multi-purpose fighter လို့ခေါ်ကြပါတယ်။ ကွာတာက fighter ရဲ့ ရည်ရွယ်ချက်က လေယာဉ်ကနေ မြေပြင်ကို ဗုံးကြဲဖို့မဟုတ် ရန်သူ့လေယာဉ်ကို ပစ်ချဖို့သက်သက် ဖြစ်ပါတယ်။

ယနေ့ခေတ် လေယာဉ်တိုက်ပွဲတွေမှာ ရေဒါရဲ့ အစွမ်းက သိပ်အရေးကြီးပါတယ်။ ရန်သူ့လေယာဉ်ကို အဝေးကြီးကထဲက မြင်နိုင်ရင် အစောကြီး ကိုယ်ကပစ်ချနိုင်မှာပေါ့။ ဒါကြောင့် နိုင်ငံတချို့က ရေဒါကို လေယာဉ်အပေါ် တင်ထားကြပါတယ်။ လေယာဉ်တင်သင်္ဘော အတွက် အသေးစား E-2C Hawkeye ဆိုတာရှိသလို လေတပ်အတွက် အကြီးစား AWACS ဆိုတာတွေရှိပါတယ်။ ရှေ့ဦးမှာ Fighter bomber တွေက ဗုံးကြဲဖို့ ရှေ့ကပျံသန်းပြီး တိုက်လေယာဉ် fighter တွေက နောက်ကစောင့်ရှောက်ပေး၊ အဲဒီနောက်ကမှ ရေဒါလေယာဉ်တွေက လမ်းကြောင်းထိန်းပေးရပါတယ်။ ဒါ့အပြင် ဗုံးတွေဟာ အရင်လို မတိမကျ မဟုတ်၊ ပစ်မှတ်ကို တည့်တည့်အတိအကျ အတိအကျ ပြစ်နိုင်တဲ့ Precision Guidance Bombsတွေ ဖြစ်တယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောဆိုတာ လေကြောင်း တိုက်ပွဲတွေကို အနိုင်တိုက်နိုင်မယ့် လေယာဉ်မောင်းသမားတွေနဲ့ ခေတ်မီ လေယာဉ်တွေ တိုက်နည်းခိုက်နည်းတွေလိုလာပြန်တယ်။

အမေရိကန်မှာ F22 (Raptor) ဆိုတဲ့ 5th Generation Fighter ကို တပ်ဆင်ပြီးပါပြီ။ F35 ဆိုတဲ့ multi-purpose fighter ကို မကြာခင် ထုတ်ဝေဖြန့်ချိနိုင်တော့မှာပါ။ အမေရိကန်ရဲ့ လွှတ်တော်က ဥပဒေနဲ့ F22 ကို ဘယ်နိုင်ငံမှ မရောင်းရဆိုတဲ့ ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ F35 ကိုတော့ လေတပ်၊ ရေတပ်အပြင် မိတ်ဆွေနိုင်ငံတွေ၊ နေတိုးနိုင်ငံတွေကိုရောင်းချမှာပါ ။ အကြောင်းက အမေရိကန် တနိုင်ငံပဲ မိမိထုတ်လိုက်တဲ့ 5th Generation multi-purpose fighter ကို ပစ်ချနိုင်တဲ့ (စွမ်းအင်) ရှိအောင် တကွက်ချန်ထားတာပါ။ ရှားဘုရင်လက်ထက်က အီရန်ဟာ အမေရိကန်ရဲ့ အရင်းနီးဆုံးမိတ်ဆွေနိုင်ငံဖြစ်တော့ အဲဒီတုန်းက ခေတ်အမီဆုံး F14 Tomcat ဆိုတဲ့ လေယာဉ်တွေကို ရောင်းချခဲ့တယ်။ ရုတ်တရက် ရှားဘုရင် ပြုတ်ကျသွားပြီး ခိုမေနီတက်လာတော့ ရန်သူ့ဆီမှာ ခေတ်အမီဆုံး လက်နက်တွေရောက်ကုန်တယ်။ F14 Tomcat ကို ပစ်ချဖို့ သူ့ထက်သာတဲ့ လေယာဉ်မရှိဖြစ်သွားရော။ ဒါကြောင့် အခုတော့ အဲဒီသင်ခန်းစာယူပြီး သြတေးလျားလို မိတ်ဆွေနိုင်ငံကတောင် F22 ဝယ်ချင်တာ မရောင်းတော့ဘူး။ အခု Top Gun အဆင့်မြင့် ရေတပ်၊ လေကြောင်း သင်ကြားရေးကျောင်းမှာ လက်ရှိ F18-E/FHornet တွေနဲ့ F22 တို့ကို စီးချင်း တိုက်စေရာ F22 ကအမြဲအနိုင်ရတယ်လို့ စစ်ရေးကျွမ်းသူတွေက မိန့်ဆိုကျေနပ်နေကြပါတယ်။

ဒါကြောင့် လေယဉ်တင်သင်္ဘောရဲ့ လေယာဉ်စွမ်းအင်မှာလဲ အမေရိကန်ရေတပ်က အသာရလျက်ရှိပါတယ်။

အမေရိကန်ရေတပ်မှာ သင်္ဘောတွေ စစ်မှုထမ်းသက်တန်းကျော်သွားရင် mothballs လုပ်ပြီး အနားပေးလိုက်ပြီ ဆိုပေမယ့် စွန့်ပစ်လိုက်တာမဟုတ်ပါ။ စစ်လက်နက်တွေကိုဖြုတ် ဂိုထောင်ထဲမှာသိမ်းထားပြီး သင်္ဘောတွေကို သံချေးမတက်အောင် ကျကျနန သိမ်းထားပြီး Reserve fleet အနေနဲ့ ထိန်းသိမ်းထားတာပါ။ ဥပမာ ဒုတိယကမ္ဘာစစ်ကထဲက battle ship တွေကို ရော်နယ်ရေဂင်ခေတ်မှာ ဆွဲထုတ်လာပြီး Cruise missile တွေတပ်ဆင်ပြီး လက်ဘနွန်မှာ ပြဿနာပေါ်တော့ USS New Jersey နဲ့ အင်အားပြ အမြောက်ကြီးတွေနဲ့ လှမ်းထုတာကိုး။ သင်္ဘော ဆိုတာက လိုမှ ချက်ချင်းဆောက်လို့မရတာ မဟုတ်လား။
တိုက်ပွဲဗျူဟာ strategy ကို စိတ်ဝင်စားမှု မရှိ၊ မသိ။ အစွန်းရောက် အတွေးနဲ့တွေးရင် ဒါတွေဟာ သတ္တိမရှိတာလို့စွပ်စွဲကြမှာပေါ့။
ရော်နယ်ရေဂင်ခေတ်က စစ်အင်အားထူထောင်တာမှာ “600 ships navy” သင်္ဘော ၆ဝဝ ရှိတဲ့ရေတပ်ဆိုပြီး ကြိမ်းဝါးခဲ့ပေမယ့် ထိန်းသိမ်းရတဲ့ စရိတ် ကြီးမားလွန်းတာကြောင့် အခု သင်္ဘော ၂၈၉ စီး၊ ရေတပ်သားဦးရေ ၃၂,၈၅၁၆ - အရံတပ်သား ၁ဝ၁,၆၈၉ နဲ့လေယာဉ် ၃,၇ဝဝ ရှိတဲ့ ရေတပ် ပြန်ဖြစ်သွားပါပြီ။ လက်ရှိအစီအမံအရ သင်္ဘော ၃ဝ၃ စီး ရှိဖို့ ရည်မှန်းထားပါတယ်။

အမေရိကန်ရေတပ်ဟာ ပြည်ပအန္တရာယ်ကိုပဲ တာဝန်ရှိပါတယ်။ ပြည်တွင်းအတွက် ကမ်းရိုးတန်းလုံခြုံရေး (Coast Guard) ဆိုတာရှိပါတယ်။ ပြည်တွင်းကိစ္စတွေကို ဒီတပ်ဖွဲ့က တာဝန်ယူရပါတယ်။ အရင်က ဒီတပ်ဖွဲ့ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာထားပြီး ယခု ပြည်တွင်းလုံခြုံရေး Homeland Security ဝန်ကြီးဌာနအောက်မှာထားပါတယ်။

ရေတပ်မှာ Military Sealift Command – United States Naval Special Warfare Command - NSW - Naval Intelligence စတဲ့ဌာနနဲ့ တပ်ဖွဲ့တွေ အမြောက်အများ ရှိပါသေးတယ်။ ကမ္ဘာကျော် Navy Seals ဟာ NSW အောက်မှာရှိတာပါ။ Navy Seals ၂၄၅ဝ နဲ့ အရန် ၃၂၅ ဦးရှိပါတယ်။ ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိသလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေရောက်ကုန်ပါပြီ။ ပထမနီးစပ်ရာတွေ လွှတ်ရာ ကျကျလာလို့ အောင်ကာစ လူငယ်တွေ လွှတ်မှ အောင်လာကြတယ်လို့ သိရတယ်။ အမေရိကန်တွေတောင် (၄) ယောက်မှာ (၁) ယောက်ပဲ အောင်ကြပါတယ်။ ထိုင်းရေတပ်မှာ အမေရိကန်စနစ်အတိုင်း လေ့ကျင့်ပေးတဲ့ Navy Seals သင်တန်းရှိပါတယ်။ အမေရိကန် ရေတပ်ဖွဲ့စည်းပုံကို စံနစ်တကျ လေ့လာရင် တော်တော်ရှုပ်ပါတယ်။

တရုပ်ဗိုလ်ချုပ်ယောက်က အကယ်၍များ မင်းတို့ရဲ့ ဖလော်ရီဒါ ကမ်းခြေအလွန်မှာ ငါတို့ တရုတ်လေယာဉ်တွေ ကင်းလှည့်နေရင် မင်းတို့ ဘယ်လိုခံစားရမလဲလို့ အမေရိကန် ဗိုလ်ချုပ်တယောက်ကို မေးဖူးတယ်။ ဂျော့ဘုရှ်တက်ခါစက ပထမဦးဆုံးတွေ့ကြုံရတဲ့ နိုင်ငံတကာပြဿနာဟာ ဟိုင်နန်ကျွန်း အဖြစ်အပျက်လို့ တွင်ကျန်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အမေရိကန်ရေတပ်ရဲ့ လျှပ်စစ်အချက်ပြချက်တွေကို ထောက်လှမ်းတဲ့ EP-3E ARIES II နဲ့ တရုတ်ရေတပ်မတော်ရဲ့ J-8 II တိုက်လေယာဉ်တို့ တိုက်မိကြရာ အမေရိကန်ရေတပ် လေယာဉ်ဟာ ဟိုင်နန်ကျွန်းမှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်။ တရုတ်လေယာဉ်သမားက မခံချင်စိတ်ပြင်းထန်ပြီး အနီးကပ်ခြိမ်းခြောက်ရာက တိုက်မိကြတယ်။ တရုတ်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး အသက်ဆုံးခဲ့တယ်။

တရုတ်တွေ ဘယ်လောက်ခံပြင်းကြတယ် ဆိုတာကိုတွေးကြည့်နိုင်တယ်။

မကြာသေးခင်ကလဲ ဂျပန် အလွန်မှာ အမေရိကန် ထောက်လှမ်းရေးသင်္ဘော (၂) စင်းကို တရုတ်ရေတပ်က လိုက်နှောင့်ယှက်တယ်လို့ အမေရိကန်ရေတပ်က စွပ်စွဲထားတယ်။

အင်အားရှိလာတော့ ပြိုင်အမောက် ထောင်ရဲလာတာပေါ့။

ဆိုဗီယက်ခေတ်က စစ်အင်အားကိုသာ အလွန်အကျွံ မြှင့်ခဲ့ပေမယ့် စီးပွားရေးမှာ မလိုက်နိုင်၊ ကွန်မြူနစ် စီးပွားရေးစနစ် ကျေးဇူးကြောင့် ချွတ်ခြုံကျဆင်း။ အပြင်မှာ ဟန်ဆောင်နေရပေမယ့် အလယ်မှာ ဟောင်းလောင်းကြီး။ တရုတ်ခေတ်ရောက်တော့ တရုတ်ကြီးက လူလည်။ အာဏာကိုသာ ကွန်မြူနစ်ပါတီက ကိုင်ထားတယ်။ စီးပွားရေးမှာ အရင်းရှင်စံနစ်။ တကမ္ဘာလုံးကို တရုတ်ပစ္စည်းတွေ ဈေးချိုချိုနဲ့ရောင်းပြီး စက်ရုံနဲ့၊ အလုပ်တွေ တရုတ်ပြည်ရောက်ကုန်တော့ ငွေထုတ်ပိုက်ပြီး တကမ္ဘာလုံးက သယံဇာတတွေလိုက်ဝယ်။ ငွေချေး၊ အကူအညီပေး အင်အားဖြန့်နိုင်ရုံမက (ငွေ)ရှိတော့ စစ်တပ်ကို ထူထောင်နိုင်တာပေါ့။ အမှန်တော့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာပါပဲ။ ဒါ တိန်လျောက်ပိန်လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေ ပြန်တက်လာလို့ပါ။ ဝါဒစွဲကြီးတဲ့ (၄)ဦးဂိုဏ်းသာ အာဏာရခဲ့ရင် တရုတ်တွေ မြောက်ကိုရီးယားပြည်သူတွေလို ပြောင်းဖူးစေ့ လိုက်ကောက် စားနေရမှာပါ။ တိုင်းပြည်ထူထောင်တဲ့အခါမှာ ဉာဏ်ရှိတဲ့၊ ပညာတတ်တဲ့ တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင်ကောင်းတွေ လိုအပ်ပါတယ်။

ကျနော်တို့အရပ်သားတွေရဲ့ အားနဲချက်က (စစ်) ဆိုရင်မုန်းလိုက်တာ၊ ရေတောင် (စစ်) မသောက်ဘူးဆိုပြီး (စစ်) နဲ့ပတ်သက်ရင် ဘာမှ မသိချင်၊ မလေ့လာချင်ကြဘူး။ အမှန်က နိုင်ငံရေး (တိုက်ပွဲ) ဆိုတာလဲ စစ်ပွဲနဲ့မခြားနားတွေ အများကြီးရှိပါတယ်။ ဆွန်ဇူးက မိမိ၏ရန်သူနှင့် မိမိကိုယ် မိမိသိပါစေ၊ စစ်ပွဲတရာရဲ့ ရလဒ်ကို ကြောက်စရာမလိုဘူး If you know the enemy and know yourself you need not fear the results of a hundred battles လို့ပြောခဲ့တယ် မဟုတ်ပါလား။

ရေတပ်ဗိုလ်ချုပ်တွေမှာ အတွေးအခေါ်တခုရှိပါတယ်။ ဒီကနေ့တိုက်ပွဲမှာ မိမိဘက်က အရေး မသာခဲ့ရင် ပြန်ဆုတ်၊ ပြန်စု၊ ပြန်ဖြည့်ပြီး နောက်နေ့စစ်ပွဲအတွက်ပြင်ဆင်ရပါတယ်။ သူသေကိုယ်သေ မတိုက်ကြပါ။ စစ်သူကြီးဟန်နီဘောကို ရောမတွေ ရင်ဆိုင်တိုက်ပွဲ အကြိမ်ကြိမ် ရှုံးပြီးတော့ ရင်ဆိုင်မတိုက်တော့ဘူး။ ရှောင်ပြီး ထောက်ပံ့ရေးလမ်း ကြောင်းတွေကို ဖျက်ဆီး၊ လက်ပန်းကျအောင် ဖြေးဖြေး အမှည့်ခြွေပြီးမှ အနိုင်တိုက်တာ။ တိုက်ပွဲဗျူဟာ strategy ကို စိတ်ဝင်စားမှုမရှိ၊ မသိ။ အစွန်းရောက် အတွေးနဲ့တွေးရင် ဒါတွေကဟာ သတ္တိ မရှိတာလို့ စွပ်စွဲကြမှာပေါ့။ အသိချင်း မတူရင် အတွေးချင်း မတူနိုင်ကြပါ။

ဆွန်ဇူးရဲ့စကားကိုပဲ စဉ်းစားစေချင်ပါတယ်။

All men can see these tactics whereby I conquer, but what none can see is the strategy out of which victory is evolved.

ဗျူဟာအရေးကြီးတာကို သိစေချင်လို့ပါ။

စစ်ဗိုလ်ဆိုတာ စစ်ကိုချက်ချင်း ထတိုက်လို့မရပါ။ ဖြစ်နိုင်ခြေတွေကို ကြိုတင်စဉ်းစားပြီး ပြင်ဆင်ရပါတယ်။ ဗျူဟာ ကြိုစဉ်းစားထားရပါတယ်။

စစ်တပ်ကြီးစိုးတဲ့နိုင်ငံမှာ စစ်တပ်နဲ့ ဗျူဟာကို မလေ့လာဘဲ ဘယ်လိုရင်ဆိုင်ကြမှာလဲ။

စေတနာရှေ့ရှုလျက်

         ဒါကြောင့်ဒီဆောင်းပါးလေးကို တခြာဆိုဒ်မှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ် ဆောင်းပါးရှင်း ဘိုကျော်
ငြိမ်းကို  ကျေဇူးတင်ရှိပါကြောင်း...............

မြန်မာနိုင်ငံအရးဟာ ထိစမ်နေတဲ့ အင်းအားကြီးနိုင်ငံတွေကို အလေးထားသင့်ပါတယ်

Mar 25, '11 7:44 AM
for everyone